၂။သင်္ခယာမြေမှ ကံကြမ္မာကကြိုးရုပ်များ
သင်္ခယာနယ်မြေ...။
အရုဏ်ဦး၏နေရောင်ခြည်က တောင်ကမူစွန်းမှသည် တောနက်ထဲထိ ကျိုးတိုးကျဲတဲဖြာကျနေသည်။
သင်္ခယာမင်းသားနှင့်မောကိုးပြည်ထောင်(၄)ဆက်မြောက်စော်ဘွား၏ သမီးတော်တို့ ခိုးရာလိုက်ပြေးခဲ့ရာမှ ဒီတောတောင်ပိုင်နက်အတွင်း ကျင်လည်ပုန်းခိုခဲ့သည်၊ ရင်နင့်စရာအချစ်ဇာတ်လမ်းတွေရှိခဲ့ဖူးသည်ဟု နာမည်သတင်းကြီးခဲ့သည့် သင်္ခယာနယ်မြေကား ရှမ်းပြည်တောင်ပိုင်း၏ ထင်ရှားသောနေရာဒေသတွေထဲက တစ်ခုဖြစ်လေသည်။
ဆောင်းကာလတွင် နေကြာရိုင်းပင်တွေ တစ်တောလုံးပွင့်လေ့ရှိကာ ဆောင်းနှောင်းနွေဦးထိတောင် ထူးခြားဆန်းပြားစွာ ဝေဆာနေဆဲပင်။
ကမူစွန်းတောင်စောင်းတွေထိ နေရာလပ်မကျန် အပြိုင်းအရိုင်းပေါက်နေသည့် နေကြာပင်ငယ်တွေက နေရောင်နှင့်ပနံသင့်လှသည်။ သဘာဝတရားကို စိတ်ကြိုက်ပန်းချီကားတစ်ချပ် စုတ်ချက်ခြယ်ထားသကဲ့သို့ အစွမ်းကုန်လှပနေသော်ငြား လူသူမနီးသည့်တောနက်ထဲက သစ်လုံးအိမ်အတွင်းဝယ်...'မွေးတော့မယ်သခင်မ... စိတ်လျှော့ပြီး နည်းနည်းလေး အားထည့်ထား...သစ္စာရောပဲ...'
တဲသာသာ အိမ်လေးထဲမှာ မီးနေသည်မိန်းမသားနှစ်ယောက်နှင့်လက်သည်အမျိုးသမီးတစ်ယောက်ရှိနေသည်။ အပြင်မှာကင်းစောင့်နေသည့်အမျိုးသားက တောနက်ထဲမှအသံဗလံတွေကိုလည်း နားစွင့်ရသည်။ အထဲက မိန်းမသားနှစ်ယောက် အဆင်ပြေပါ့မလားတွေးပူ၍ အိမ်ထဲကို ခဏခဏလှမ်းမျှော်ကြည့်ပြီး တတ်သမျှမှတ်သမျှဘုရားစာ၊တရားစာတွေ ရွတ်နေရှာသည်။
မီးနေသည်နှစ်ယောက်ကို တစ်ချိန်တည်းမီးဖွားဖို့ကူညီပေးနေရသည့်အမျိုးသမီးခမျာလည်း ချွေးတွေရွှဲ၍ ပင်ပန်းနေပြီ။ အပြင်ဘက်က ရန်သူတွေ ဘယ်အချိန်ဝင်လာမလဲဆိုသည့်စိုးရိမ်ကြောင့်ကြမှုများကြောင့် သူမအပူကလည်း မီးနေသည်နှင့်ထပ်တူထပ်မျှပင်။ ထိုလက်သည်အမျိုးသမီး၏နာမည်က 'နန်းရွှေစာ'ဟုခေါ်၏။
'သခင်မ...အားတင်းထားပါ...ကျွန်မလက်ကိုကိုင်ထား...'
'ငါ့ကိုစိတ်မပူနဲ့ သစ္စာ...'
YOU ARE READING
The Loyalty Of The Ego
Fantasíaတစ်ကိုယ်တည်း ရယူပိုင်ဆိုင်လိုသည့်အချစ်၌ အတ္တမကင်းသော တပ်မက်ခြင်းတို့ပါ၀င်သည်ကို လှည့်ဖြားခြင်းကင်းစွာ တိုင်တည်ပါသည်။ သစ္စာလေးညှို့မှ ပစ်ခွင်းလိုက်သော အချစ်မြားသည် ချစ်ရသူ၏ နှလုံးသားဗဟိုသို့ တည့်မတ်စွာ စူး၀င်၍ အသည်းကို အသည်းချင်း ပြန်လည်တုံ့နှင်းရစေ...