CCTV မြင်ကွင်းကနေ မက်ဒျူး Tattoo ထိုးမှာကို ထိုင်ကြည့်နေပေမယ့် နာလို့ဆိုပြီး မက်ဒျူးများ ငိုနေမလားဆိုပြီး စိတ်ပူနေပေမယ့် မက်ဒျူးကတော့ အေးဆေးပုံပင်။
ဘာလိုလိုနဲ့ မက်ဒျူးတောင် အသက်နှစ်ဆယ်ဖြစ်နေပြီ။ စတွေ့တုန်းက အလုံပိတ်ထားတဲ့ ကားထဲမှာ ကားမှန်ပြတင်းတွေကို ထုရိုက်ပြီး ငိုနေတဲ့ ကလေးလေး။ ကားမှန်ခွဲပြီး ထုတ်လာတော့ ဂျီ၀န်းကို အားကိုတကြီး ဖက်ကာ
"ကိုကို ဖေဖေ၊ မေမေ ကြောက်တယ်"
ဆိုပြီး ဟန်မြစ်ဘက်ကို လက်ညှိုးထိုးကာ ပျော့ခွေပြီး သတိလစ်သွားခဲ့တာ။
ပါးဖောင်းဖောင်းလေးနဲ့ အလွန်ချစ်စရာကောင်းတဲ့ ကလေးလေးက မျက်လုံးအိမ်တစ်ခုလုံးမှာ မျက်ရည်တွေ အပြည့်နဲ့။ ဘေးက လူကြီးတွေအစား သူ့ဆီကိုပဲ တန်းတန်းမတ်မတ်ပြေးလာကာ ကိုကိုလို့ ခေါ်ခဲ့တာ။ ကားတံခါးမှန်တွေ ထုခွဲတဲ့ လူကြီးတွေကို ကြောက်ပြီး ဂျီ၀န်းကို တင်းနေအောင် ဖက်ထားရင်းက ပျော့ခွေသွားတော့ အလုပ်တွေ ဘာတွေ မသိတော့ဘဲ မက်ဒျူးကိုပွေ့ပြီး ဆေးရုံကို ခေါ်လာပေးတုန်းက ဂျီ၀န်းအသက် ၁၅ နှစ်သာ ရှိသေးတယ်။
"ဖေဖေ ဒီကောင်လေးကို ကျွန်တော် ယူမယ်"
"မရဘူး ကျွန်တော်။ ဘယ်ဖြစ်မလဲ"
"ကျွန်တော် သူ့ကို ရချင်တယ် ဖေဖေ။ ဖေဖေ့ဆီက မွေးနေ့လက်ဆောင်မယူရသေးဘူးပဲ။ သူ့ကို ယူမယ်"
"ဂင်ဂျီ၀န်း မင်းကလေးလည်း မဟုတ်ဘူးနော်။ ဖေဖေပြောနေတယ်လေ။ လုံး၀မရဘူးလို့"
"ယူမှာ"
မွေးကတည်းက ဂျီ၀န်း လက်ညှိုးထိုးရင် မရတဲ့အရာ ဘာမှ မရှိ။ ဖေဖေလည်း ခေါင်းရှုပ်နေပုံပင်။
မက်ဒျူးသတိရလာတော့ ဂျီ၀န်းမွေးစားဖို့ ကိစ္စကို ဖေဖေသဘောတူလိုက်ရတယ်။ မက်ဒျူးက သတိရလာတော့ ဘာကိုမှ မမှတ်မိတော့။ ကြောက်အားကြီးပြီး အကုန်မေ့လိုက်ပုံပင်။ မေ့ချင်တဲ့ အပိုင်းတွေ အကုန်မေ့ပစ်လိုက်တာလို့ပြောပေမယ့် ဂျီ၀န်း သူ့ကို ကားတံခါးထဲက ထုတ်ပေးတာကလွဲရင် ဘာတစ်ခုမှ မမှတ်မိ။