ဝသုန်ကျော်
"လှလိုက်တာဗျာ၊ တကယ်ကြီးတိမ်ပေါ်ရောက်နေတာပဲ"
အပြောနဲ့အတူ တောင်ကမ်းပါးစွန်းဆီပြေးကပ်သွားပြီး အကာအရံတန်းလေးကိုကိုင်ကာတမေ့တမောငေးကြည့်နေ၏။ ဆွယ်တာအထူအဖြူလေးပေါ်မှာ သက္ကလပ်အပါးသား Long coat ကိုထပ်ဝတ်ထားပြီး နားရွက်ပါအုပ်ထားတဲ့ခေါင်းစွပ်ပြာလေးနဲ့ပြေကာ မြူငွေ့ပျပျကြားမှာထပျံတော့မဲ့ပျံလွှားငှက်လေးလိုမြူးတူးနေ၏။
မြင်နေရတဲ့မြင်ကွင်းတွေထက် ပိုလှနေတဲ့ပြေ့ကိုသာငေးနေမိသူကဝသုန်။ လက်ထဲကကင်မရာလေးနဲ့လှုပ်ရှားနေပုံလေးတွေကိုတဖျပ်ဖျပ်ရိုက်နေလိုက်မိတော့ ပြုံးရွှင်နေတဲ့မျက်နှာလေးနဲ့လှည့်ကြည့်လာပြီး။
"ရိုက်မယ်ဆိုကြိုပြောလေဝသုန်ရာ...တတ်သလောက်မှတ်သလောက် Post ပေးမလို့"
"ဒါဖြင့်ပေးတော့...ပြန်ရိုက်မယ်"
ပြောတဲ့အတိုင်း Post စပေးလိုက်ပုံလေးက ပြေးပြီးထွေးပွေ့လိုက်ချင်စရာ။ အပေါ်ထပ်ကုတ်ကိုအနောက်ခါထုတ်လိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်နှိုက်ကာ အကာအရံသစ်သားတန်းလေးပေါ်ခြေတစ်ဖက်နောက်ပြန်ထောက်လိုက်ရင်း မျက်နှာကိုဘေးအနည်းငယ်စောင်းငဲ့ကာမြင်ကွင်းတွေကိုငေး၏။
ဝသုန့်လက်ကလည်းမြန်ဆန်စွာလှုပ်ရှားလိုက်မိသည်။ တစ်ကိုယ်လုံးပုံတင်မကကိုယ်တစ်ပိုင်းပုံ၊ မျက်နှာအနီးကပ်ကိုပါ Zoom ဆွဲပြီးရိုက်နေချိန် ရိုက်နေတာကိုသိနေသည့်နှယ် ငြိမ်သက်နေပြီးမှ Post တစ်ခုပြီးတစ်ခုပြောင်း၏။
မထင်ထားမိလောက်အောင်ပြေက Post ပေးတတ်ပါလားတွေးမိရင်း လက်ကလည်းမနားမနေအလုပ်လုပ်မိနေတော့သည်။
"ဝသုန်၊ ကင်မရာကို Timer နဲ့ချိန်ထားခဲ့ပြီး ကျွန်တော့်ဘေးမှာလာရပ်၊ အနေအထားသေချာချိန်နော်"
"အိုကေ"
ခုံတန်းတစ်ခုပေါ်မှာကင်မရာကိုသေချာချိန်တင်ပြီးမှ ပြေ့ဆီပြေးသွားလိုက်၏။ အနားမှာကပ်ရပ်လိုက်ပြီးခပ်တည်တည်နဲ့ပုခုံးကိုဖက်လိုက်ခြင်းမှာ ပြေကလည်းအလိုက်သင့်နှင့်ဝသုန့်ခါးကိုလက်တစ်ဖက်နဲ့အသာဖက်ကာကင်မရာဘက်ကိုကြည့်၏။ ဝသုန်ကတော့ပြေ့ကိုငုံ့ကြည့်နေမိသည်။