"ပြန်ပြောပါအုံးမေမေ၊ ကျွန်တော်ကြားလိုက်တာဟုတ်ရဲလားလို့..."
"အေး ကြားတဲ့အတိုင်းပဲ၊ တော့်ကိုကျုပ်သူငယ်ချင်းသားနဲ့ပေးစားမလို့..."
အညာသူအမေကသူ့စိတ်နဲ့မတွေ့လေတိုင်း တော်တွေကျုပ်တွေသုံးနှုန်းလာတတ်မြဲ။
တာဝန်ကျရာမြို့ကနေ အိမ်မှာအရေးတကြီးကိစ္စရှိလို့ခွင့်ယူပြီးပြန်လာခိုင်းတာကယောက်ျားပေးစားဖို့တဲ့လား။ ရောက်ရောက်ချင်းအမောတောင်မဖြေနိုင်သေးခင် ဆီးပြောလိုက်တဲ့စကားကြောင့်ဆွံ့အသွား၏။
"နေပါအုံးမေမေရာ...ဘယ်လိုကြောင့်များမိန်းမမဟုတ်ဘဲယောက်ျားပေးစားချင်ရတာလဲ။ သားပြောထားတယ်လေ ဒီနှစ်အတွင်းချွေးမတစ်ယောက်ရှာပေးမှာပါဆိုမှ..."
"ကျုပ်ကိုလာပြီးအချိုသပ်မနေနဲ့၊ ချွေးမချွေးမနဲ့ချွေးသိပ်လာတာဘယ်နှနှစ်ရှိနေပြီလဲ။ တော့်အကြောင်းကိုမသိဘူးမှတ်နေလား။ တကတည်း...လူကြည့်တော့ကျားကျားလျားလျားနဲ့ သူများလင်ကိုကြာခိုချင်နေတာ"
"ဟမ်"
ဒါကရောဘာစကားပါလိမ့်။ ပြူးကျယ်သွားသောမျက်ဝန်းအစုံနှင့်စိုက်ကြည့်နေမိတော့ မွေးသမိခင်မှာနှုတ်ခမ်းကိုဟန်ပါပါမဲ့ကာရှေ့စားပွဲမှာတင်ထားတဲ့သူ့ဖုန်းကိုဖွင့်ပြလာသည်က ဝသုန့် Facebook account က Post တစ်ခု။ ဒီ Post ကကြာလှပြီပဲ။ အစ်ကိုစစ်မင်းပြောင်းချိန်နှုတ်ဆက်ပွဲလုပ်တုန်းကတင်ခဲ့တဲ့ Post ပါ။ ဘာများဖြစ်လို့လဲအကြည့်နဲ့ကြည့်လိုက်မိတော့...။
"သဲနုကပြောတယ်။ အဲဒီစီနီယာဆရာဝန်ကိုတော်ကကြိုက်နေတာဆို..."
"ဟာ...ပေါက်ကရ
"ပေါက်ကရဆိုဘာလို့ကျွန်တော်ကအထီးကျန်နေတာ လွမ်းနေရတာတွေရေးထားတာလဲ၊ ပြောစမ်းပါအုံး"
"အဲတာသဲနုတို့အုပ်စုကိုနောက်ပြီးရေးထားတာပါမေမေရာ..."
"ဘာကိစ္စ.."
"သူတို့အုပ်စုကအစ်ကိုစစ်မင်း၊ အဲ...အဲစီနီယာကိုကြိုက်နေကြတာ...ကျွန်တော်နဲ့ကတစ်မြို့ထဲတာဝန်ကျတော့မနာလိုနေကြတာလေ၊ အဲတာကြောင့်သူတို့ကိုစပြီးတင်တာမျိုးပါမေမေရာ...ဘုရားပေးပေးကျမ်းပေးပေး မကြိုက်ရပါဘူး"