" အင်း..."
ဘောပင်ကလေးကို မေးစိဖြင့် ထောက်ကာ ထောက်ကာ စာကို စိတ်ဝင်တစားဖတ်နေတဲ့သူ။
တစ်ခါတစ်လေ သူသဘောပေါက်သွားတဲ့ နေရာလေးတွေဆို " အင်း " " အော် ဒါကိုပြောချင်တာလား?" ဆိုပြီး ထထရွတ်တတ်သေးတဲ့ ကျွန်တော့်ချစ်သူ။
ထူထဲနေသော မျက်ခုံးခပ်တန်းတန်းလေးတွေ အောက်က စာဖတ်နေလို့ မှေးစင်းနေတဲ့ မျက်ခွံမို့မို့ရယ်။
အဖျားသတ်မှာ ကော့ညွတ်နွယ်ဆင်းသွားတဲ့ သူ့မျက်တောင်ကလေးတွေ။
ဖြောင့်တန်း သွယ်စင်းသွားတဲ့ သူ့နှာတံ ချွန်ချွန်ကလေးက ပန်းပုထုဆစ်ထားသလို သိပ်လှတယ်။
ပြီးတော့ ကျွန်တော် သိပ်မြတ်နိုးရတဲ့ နှုတ်ခမ်းလေး။
လေးကိုင်းပုံ အပေါ်နှုတ်ခမ်းလေးက ထိပ်မှာ မဆိုသလောက်ချွန်နေပြီး အောက်နှုတ်ခမ်း ထူထူအိအိကလေးက ပန်းသွေးရောင် သန်းနေဆဲ။
ခြောက်ပစ်ကင်း သဲလဲစင်တဲ့ နတ်သားအလား သူဟာ သိပ်ကို ပြည့်စုံလွန်းတယ်။
အဲဒီလို သူက ကိုယ့်ရဲ့ ချစ်သူ ဖြစ်နေတာကို အခုထိ အိပ်မက်တစ်ခုလို ခံစားရတုန်း။
သူ့ ဘယ်ဘက်ပါးပြင် အိအိထက်မှ မျက်လုံးအောက် ၄၅° လောက်က မှဲ့နက်ကလေးဟာလည်း ကျွန်တော် သိပ်ချစ်ရတဲ့ အစိတ်အပိုင်းတစ်ခု။
မှဲ့ကလေးဆိုမှ ဘယ်ဘက်နားရွက် နားခွံထိပ်မှာ နောက်ထပ် မှဲနက်ကလေးတစ်ခုနဲ့ နားဖောက်ထားတဲ့ နားပေါက် ၂ ခုကြားက နောက်ထပ် မှဲ့ကလေးတစ်ခုလည်း ရှိသေးတယ်။
သေချာကြည့်ကြည့်ရင် ညာဘက်နားရွက် ထိပ်ပိုင်းရဲ့ အတွင်းမကျတဲ့ နေရာတစ်ခုမှ နောက်ထပ် မှဲ့တစ်ခု ကို တွေ့လိမ့်မယ်။
အဲဒီမှဲလေးကိုလည်း ကျွန်တော်ချစ်တာဘဲ။
ကြာပါတယ်ဗျာ။
ကုန်ကုန်ပြောရရင် သူ့ရဲ့ ဘာကို မဆို ချစ်တာ။
ူ" ဘာတွေဒီလောက်ကြည့်နေတာလဲ?"
တည်ငြိမ်စွာ ထွက်လာတဲ့ သူ့နှုတ်ခမ်းဖျားက အသံလေးကိုလည်း ချစ်သလို စကားလုံးလေးတိုင်းကိုလည်းချစ်တယ်။
