5.3K 650 46
                                    

ဒီတိုင်း.. သူ့ရည်ရွယ်ချက်က ကိုကို့ ကိုစဖို့ပင်ဖြစ်ခဲ့သည်။ ရိုးရိုးလေးပဲ.. ဒီအတိုင်း စိတ်ကောက်ပြီး ညကြီးမင်းကြီး တစ်ယောက်တည်း မုန့်သွားဝယ်တဲ့သူ အချိန်တန်လို့ အိမ်ပြန်မရောက်လာရင် သောကမီးတွေဝေပြီး ကမန်းကတန်း မီနီမားကတ်ကို ပြေးလာမည့် ကိုကို့ ကို မီနီမားကတ်အရှေ့က လမ်းကြားလေးမှာ ပုန်းနေပြီး စနောက်ဖို့သာ...။

အဲ့ဒါကြောင့် ကိုကိုမသိအောင် စကိတ်ဘုတ်လေး ထုတ်စီးသွားခဲ့တာဖြစ်သည်။ ကိုကိုလိုက်မလာခင် သူကဦးအောင် ပုန်းနေနိုင်မှ သူ့အစီအစဉ် အကောင်အထည်ပေါ်မှာကိုး..။ ဒါပေမဲ့ ပုန်းဖို့ကြံနေတုန်းရှိသေး မီနီမားကတ်နား ယောင်လည်လည်နဲ့ရောက်လာတဲ့ ကိုကို့ ကိုမြင်တော့ လန့်ဖျန့်သွားခဲ့တာ..

ကိုကိုကတော့ သူ့ကိုမြင်ပုံမပေါ်... ခိုးကြောင်ခိုးဝှက်ဖြင့် ဟိုကြည့်ဒီကြည့်လုပ်ရင်း ဆန့်ကျင်ဘက်ကို ထွက်သွားတော့ သူ အနောက်ကလိုက်ခဲ့တာဖြစ်သည်။

ဘယ်သိခဲ့မလဲ.. ကိုကို သွားတဲ့နေရာက လူပြတ်သည့် ဂိုဒေါင်ကြီးတစ်ခုကိုဆိုတာ..။ ဘယ်သိခဲ့မလဲ.. ချစ်သူရဲ့လျှို့ဝှက်ချက်ကိုသာ သိချင်စိတ်များနေတဲ့ သူ ကျားရှေ့မှောက်လျက်လဲတော့မည်ဆိုတာ...

ဘယ်သိခဲ့မလဲ... အဖမ်းခံထားရသည့် မိန်းကလေး သုံးယောက်ကို မြင်မြင်ချင်း ပြေးထွက်ခဲ့ဖို့ကောင်းသည်ဆိုတာ... ဘယ်သိခဲ့မလဲ.. ကိုကို့လက်ကို ဆွဲဖို့ကြိုးစားတာထက် ကိုယ့်နှာခေါင်းပေါ်အုပ်ကျလာမဲ့ မေ့ဆေးလက်ကိုင်ပုဝါကို ရှောင်ဖို့ ကြိုးစားခဲ့သင့်သည်ဆိုတာ..။

သူ မသိခဲ့ပါဘူး...။

သတိရလာတော့ ထိုမိန်းကလေးသုံးယောက်နဲ့အတူ သူပါ အဖမ်းခံထားရပြီးသားဖြစ်နေသည်။ ဘယ်လောက်ကြာကြာမေ့နေခဲ့သလဲမသိပေမဲ့ သူပြန်သတိရလာတော့ နောက်တစ်နေ့ညတောင်ပြန်ရောက်နေပြီ.. ဘေးဘီကိုကြည့်လိုက်တော့ ရာသီဥတုအေးတာကြောင့် အချမ်းပြေ အရက်ထိုင်သောက်နေကြဟန်တူသည့် လူတစ်စုက မလှမ်းမကမ်းမှာရှိနေသည်..။

ကိုကိုရော... သူ မျက်စိလျင်လျင်ထားပြီး ဟိုဟိုဒီဒီရှာပါသော်လည်း မြင်ချင်နေသူကို မတွေ့။ တစ်ညလေးအတွင်းမှာ ဘာတွေဖြစ်ကုန်သလဲ သူမသိပါ... သူ သိသည့် သူ့ခင်ပွန်းက မကောင်းသည့်အလုပ်ဆို၍ ဆိုင်ကယ်တောင်ပြိုင်မောင်းဖူးသည်မဟုတ်။ သူ တစ်ခုခု အထင်မှားနေတာသာ ဖြစ်ရမည်..။

ပိုချစ်သောသူ ရှုံးပါစေ [Chanbaek]Where stories live. Discover now