[U]
ကားအနက်ရောင်လေး တစ်စီးဟာ ညက်ညောသည့် အင်ဂျင်သံပေးရင်း တိတ်ဆိတ်နေတဲ့ အဝေးပြေးလမ်းမပေါ်မှာ ပြေးလွှားနေခဲ့သည်။ သိပ်မခမ်းနားတဲ့ ကုန်းတွင်းပိုင်း မြို့ကလေးတစ်မြို့ကို ဦးတည်နေတာကြောင့် ရံဖန်ရံခါမှသာ ကားတစ်စီးတစ်လေလောက်က ကားအနက်လေးကို ကျော်ဖြတ်မောင်းနှင်သွားကြသည်။
ထိုကားလေးထဲတွင်တော့ ရှေ့ခန်းတွင် ကားမောင်းသူနှင့် အသက်၅၀ ဝန်းကျင်ခန့် လူကြီးတစ်ယောက် ၊ နောက်ခန်းတွင် ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် လိုက်ပါစီးနင်းလာသည်။ လူသုံးယောက် တည်ရှိနေသော်ငြား တိတ်ဆိတ်မှုက ကြီးစိုးဆဲ။
ကားမောင်းသူမှာ သူ့အလုပ်ပေါ်တွင်သာ အာရုံစူးစိုက်ထားပြီး လူအိုကြီးမှာတော့ နောက်ကြည့်မှန်မှတဆင့် နောက်ခန်းထဲမှ ဖြူလျော်လျော်ကောင်လေးကိုသာ စိုးရိမ်ပူပန်နေဟန် တစ်ချက်တစ်ချက် အကြည့်ရောက်လာတတ်သည်။
ဖြူဆွတ်သောအသားအရည်ကို ပေါ်လွင်နေစေသည့် အနက်ရောင်အဝတ်အစားတို့ကို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက်လေးမှာတော့ တစ်ဖြည်းဖြည်း အဝေးပြေးလမ်းမမှ စိုက်ခင်းများ နေရာယူလာသည့် ကားလမ်းဘေးကိုသာ အကြည့်ပို့ထားလေသည်။
"ဦးလေးဂင်"
"ဟုတ်ကဲ့ သခင်လေး"
"ရောက်တော့မှာမလား"
"ဟုတ်ပါတယ် အခုမြို့အဝင်ကို ရောက်နေပါပြီ မြို့ထဲလမ်းက မသွားပဲ စံအိမ်ကို တိုက်ရိုက်ပေါက်တဲ့ မြို့ပြင်လမ်းကပဲ ဆက်သွားမှာပါ"
"အင်း"
"သခင်လေးက မြို့ထဲကများ ဖြတ်ချင်တာလား အဲဒါဆိုလည်း ရပါတယ် "
"မဟုတ်ဘူး...ဒီအတိုင်း မေးကြည့်တာ... မြို့ပြင်လမ်းကပဲ သွားမယ်"
"ဟုတ်ပါပြီ"
တစ်လမ်းလုံး တိတ်ဆိတ်နေသည့် သခင်လေးက မနေ့က တစ်နေ့လုံး ဆေးရုံခန်းကို ဖျက်ဆီးပစ်ဖို့ ရှိသမျှ အားအကုန်လုံး သုံးခဲ့ပုံရသည်။ ဒီနေ့မှာတော့ အားလုံးကို လက်လျော့ထားဟန်ဖြင့်။
သို့ပေမဲ့ ထိုကလေးသည် ခုန်အုပ်ဖို့ အားယူသည့်အနေဖြင့် ခြေနှစ်လှမ်းဆုတ်ခြင်း ဖြစ်သည်ကိုဖြင့် အိမ်တော်ထိန်းဂင် သိပါသည်။ အငယ်ကတည်းက ထိန်းကျောင်းလာရသည့် ထိုကလေး၏ အရိပ်အခြေကို သူသာလျှင် အသိဆုံးဖြစ်သည်။ သခင်လေး၏ ဖခင်တောင် ချွင်းချက်မဟုတ်ပေ။