[U]
ဤစံအိမ်ကြီးတွင် ဝရံတာအကြီး နှစ်ခုရှိသည်။ စံအိမ်ရှေ့ မျက်နှာစာတွင် တစ်ခုရှိပြီး ခြံအနောက်ဘက် သစ်တောအုပ်ဆီ မျက်နှာမူထားသည့် ဝရံတာက ဒုတိယတစ်ခုဖြစ်သည်။
အနောက်ခြမ်းရှိ တစ်ခုသည် ပိုကြီးမားပြီး အထူးအထွေရယ်လို့ ပြင်ဆင်ထားတာမရှိပေ။ အရှေ့ခြမ်းမှာတော့ ပန်းပွတ်ထည် အများအပြားဖြင့် အလှဆင်ထားပြီး စံအိမ်ကြီးကို ပို၍ ရုပ်ကြွစေကာ လက်ရာမြောက်လှ၏။
Baekhyunနေသော သခင်ခန်းဆောင်သည် အနောက်ဘက် ဝရံတာနှင့် ပိုနီးသည်။ စာကြည့်ခန်းကတော့ အရှေ့ခြမ်းနှင့် ပိုနီးသည်။ ကြီးမားသည့် လှေကားကြီးကတော့ အဆောက်အဦး၏ အလယ်ကျကျတွင် အပေါ်ထပ်နှင့် အောက်ထပ်ကို ဆက်သွယ်ထားပေးသည်။
အခုလိုချင်လျှင် အခုထလုပ်တတ်သည့် အကျင့်ကြောင့် ရောက်ရောက်ချင်းနေ့မှာတင် ကောလိပ်တက်ဖို့ ကျောင်းအပ်ခဲ့ပေမဲ့ ကျောင်းက မဖွင့်သေးပေ။ တစ်ပတ်ခန့်မျှ စောင့်ရဦးမည်။
အနာဂတ်အတွက် အစီအစဥ်တွေကို အကြမ်းဖျင်းမျှ စဥ်းစားပြီးသည့်နောက် ဘာကိုမှ ထပ်မတွေးတော့ပါချေ။ ထိုအစား စိတ်လွတ်ကိုယ်လွတ်သာ ပျော်ပျော်ကြီး နေလိုက်တော့သည်။
ယခုမှာတော့ စာဖတ်ခြင်းအမှု၌ ပျော်ဝင်နေချေ၏။ စာကြည့်ခန်းသည် နှစ်လကြာရှည် သက်တမ်းရှိခဲ့သည့် ဂုဏ်ပုဒ် အတိုင်းပင် ၄င်းသည် ယနေ့ခေတ်မှာ ရှားပါးလာသည့် စာအုပ်များကိုပင် ထိန်းသိမ်းပေးထား၏။
Baekhyun ဟာ စာကြည့်တိုက်သို့ သိပ်သွားဖြစ်သူမဟုတ်။ သူ စာဖတ်ခြင်းကို နှစ်သက်သော်လည်း အများစုကို အွန်လိုင်းပေါ်ကနေသာ ဖတ်ခဲ့ဖူးသည်။ စာအုပ်တစ်အုပ်ရှေ့ချပြီး တစ်ရွက်ချင်း လှန်ဖတ်ရသည်မျိုး သိပ်မလုပ်ဖူးပေ။
အခုချိန်တွင်တော့ ဤအလုပ်အား အင်မတန် နှစ်ခြိုက်နေ၏။ မီးဖိုဆောင်က အဒေါ်ကြီး ပြင်ဆင်ပေးသည့် အချိုမုန့်များနှင့် လက်ဖက်ရည်သောက်ရင်း လေအေးအေးလေးတိုက်သည့်နေရာတွင် စာဖတ်ရသည်က လက်ရှိတွင် Baekhyun ၏ ဝါသနာဖြစ်လာသည်။