ကိုယ်တက်ရမယ့် အခန်းက စာသင်ဆောင်ရဲ့ သုံးထပ်မှာ ရှိတာမို့ ခပ်သွက်သွက်ပဲတက်ခဲ့လိုက်သည်။လှေခါးကနေ လေးခန်းမြောက်..
သေချာအောင် အခန်းနံပါတ်ကို တစ်ချက်ကြည့်လိုက်တော့ 304...
သေချာပီမို့ အခန်းထဲဝင်ခဲ့လိုက်သည်။စာသင်ခန်းအတွင်းမှာ ထိုင်ခုံတန်းတွေက လှေခါးထစ်သဖွယ်ရှိလေသည်။
နိမ့်နေရမှ မြင့်သွားသော ခုံတန်းတွေက ခုနစ်တန်းလောက်တော့ ရှိမည်။
ရှေ့ဆုံးလည်းမထိုင်ချင် နောက်ဆုံးလည်းမထိုင်ချင်မို့ သုံးတန်းမြောက်ခုံသို့ ဦးတည်လိုက်ပီး မှန်ပြတင်းပေါက်ဘက်ကို နေရာယူလိုက်သည်၊ပုခုံးမှာလွယ်ထားတဲ့ ကျောပိုးအိတ်အပြာလေးကို စားပွဲပေါ်တင်လိုက်ပီး အိတ်ထဲက ဗလာစာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
Time Table မထွက်သေးသည်မို့ ဘယ်ဘာသာ စဝင်မလဲ မသိသေး။ သေချာတာကတော့ ဒီလို ကျောင်းစဖွင့်ရက်မှာ Family Teacherပဲ ဝင်လိမ့်မည်။
စာသင်ခန်းအတွင်းမှာ ကျောင်းသားအနည်းငယ်ရှိသော်လည်း သူတို့အာရုံနဲ့သူတို့သာရှိကြသည်။
ကိုယ့်နယ်မြို့လေးကတော့ ဒီလိုမျိုးမဟုတ် လူတစ်ယောက်ဝင်လာတာနဲ့ ပြူးပြဲကြည့်ကြသည်။ ဘာကိစ္စမဆို စပ်စုတတ်ကြသည်။
ခုလို မြို့ကြီးမှာတော့ ကိုယ့်အလုပ်သာကိုယ်စိတ်ဝင်စားကြကာ သူများအရေးကို သိပ်ပီးမစပ်စုကြ။ ထိုအချက်ကိုတော့ သဘောကျသည်။ လွတ်လပ်သလိုနေလို့ရသည်ပေါ့။
'အာ.. ဒီမှာထိုင်လို့ရတယ်မလား?'
မျက်လုံးတွေကို အတန်းရှေ့က Whiteboard ကိုသာပို့ထားကာ အတွေးများနေသည်မို့ ဘေးကအသံကြားမှ လှည့်ကြည့်မိသည်။
ယောကျာ်းလေးလား မိန်းကလေးလား မခွဲတတ်လောက်အောင် နူးညံချောမောလွန်းသည်ကောင်လေးက မျက်လုံးလေးတွေ ပိတ်သည်အထိ ပြုံးပြကာမေးနေသည်မို့ ခေါင်းညိမ့်ပြလိုက်သည်။
'ကျောင်းပြောင်းလာတာလား မနှစ်ကမတွေ့ဖူးလို့'
ခပ်ငိုက်ငိုက်ဆောင်းထားသည့် Capကို အနည်းငယ်ပင့်လိုက်ကာ မေးနေသည့်ကောင်လေးကို နောက်တစ်ကြိမ် ခေါင်းညိမ့်ပြလိုက်သည်။