ဇာတ်နှိုး-ပေတံ

5.3K 484 89
                                    

ကားပေါ်က ဆင်းဆင်းချင်း မျက်နှာပူသည့်အတွက် သူ့ကို လှည့်မကြည့်ဘဲ ခပ်သုတ်သုတ် လျှောက်ဝင်လာခဲ့မိသည်။

မျက်စိသည် အဆင်းနှင့် တွေ့ပြီးနောက် ပသာဒဟုခေါ်သော အကြည်ဓာတ်ကလေးကို တစ်ခါရရုံနှင့်တင် စွဲလမ်းခြင်းတဏှာကို မွေးဖွားစေခဲ့ပြီးဖြစ်လေသည်။

ကျွန်တော်က ပုထုဇဉ်မို့ သည်တဏှာကို ရှင်းထုတ်ဖို့ရန် အားမထုတ်နိုင်။ ၎င်းတဏှာခေါ် အစွဲအလမ်းက ခဏချင်းပင် အရွယ်ရောက်လာသည်။ အစွဲအလမ်း အသည်းကျွမ်းသတဲ့။

တော်တော်ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ စွဲလမ်းမှု၏ ညွှန်ကြားချက်အရ ကျွန်တော့်ဦးခေါင်းသည် ၁၈၀ ဒီဂရီနီးနီး နောက်သို့ လည်ပြန်ကာ သူ့ကို ခိုးကြည့်မိသွားပြန်သည်။

ဒိန်းခနဲ...
ဘယ်ဘတ်ရင်အုံက ဒိန်းခနဲ။

သူလည်း ကျွန်တော့်ကို တည့်တည့်ကြီး ကြည့်နေပြန်သည်။ အကြည့်ချင်းထပ်ဆုံရလို့ ပျော်ရမည်လား၊ သူခိုးကို လူက ထပ်မိတာကြောင့် ထွက်ပြေးရမည်လား။ ရင်ခုန်စိတ်နှင့် ရှက်စိတ်တို့က ရင်ထဲမှာ ဗြောင်းဆန်နေတော့သည်။

နောက်ဆုံးတွင် ရှက်စိတ်က အနိုင်ရသွား၍ ထိုနေရာမှ ကျွန်တော် အမြန်ဆုံး ပြေးထွက်လာခဲ့မိသည်။

♥♥♥♥♥♥♥

"3/1-11 (B) တဲ့ဟ၊ နိုင်အောင်ရ။"

"အေးအေး၊ ငါတွေ့ရင် လာပြန်ခေါ်မယ်။"

ကျွန်တော်တို့ စာမေးပွဲဖြေရမည့် အခန်းကို နေရိပ် က လှမ်းအော်ပြောသည်။ ကျွန်တော်က ထို အခန်းကို သွားရှာရမည့်သူ။ သူနှင့် ကျွန်တော်က တက္ကသိုလ်ရောက်မှ စခင်ခဲ့ကြသော်လည်း ကျောင်းတက်ရသည့် သုံးလအတွင်း ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားခဲ့ပြီလေ။

သုံးထပ်ဆောင်ကြီး၏ ပထမထပ်တွင် ကျွန်တော်တို့ ဖြေရမည့် စာမေးပွဲခန်းကို တွေ့ရသည်။ အခန်းတံခါးကတော့ ပိတ်ထားဆဲ။ အခန်းစောင့်ဆရာများ မလာသေးတာကြောင့်ထင့်။ အခန်းတံခါးတွင် စာရွက်ကပ်ထားသည်။ စာရွက်ပေါ်က အက္ခရာများအနက် "1 MC-11" ဟူသော စာတန်းငယ်သည် ကျွန်တော့်ခုံနံပါတ် မဟုတ်ပါလား။ ကော်ရစ်ဒါဘက်အခြမ်းနောက်ဆုံးခုံတွင် ထိုင်ရမည်တဲ့။ ကျွန်တော်တို့နှင့် အတန်းကြီးများကို ရောထားမည်ဟု သိရသဖြင့် ဘယ်မေဂျာများပါလိမ့်ဆိုပြီး ကြည့်မိသည်။

Final Year Dear BroWhere stories live. Discover now