ဇာတ်တက် (၂) - ဂစ်တာ

4.5K 397 172
                                    

ပထမနှစ်ဝက်စာမေးပွဲပြီးတော့ လုပ်စရာ မည်မည်ရရလည်း မရှိသဖြင့် ပျင်းရိခြင်းခြောက်ပါးနှင့် နွေရာသီပိတ်ရက်များ၏အစကို ရင်ဆိုင်နေမိသည်။ မဟုတ်သေးပါဘူး။ တစ်ခုတော့ ကြိုးစားပမ်းစား လုပ်ဖြစ်သည်။ ဖုန်းပွတ်ခြင်း၊ ဖုန်းပွတ်ခြင်းကိုတော့ အလွန်အင်မတန် ကြိုးစားထမ်းဆောင်မိသည်။ အမြဲ အွန်လိုင်းပေါ်တွင် ရှိနေမိသည်။ အကြောင်းမှာ ကိုရာနှင့် စကားများ ပြောခွင့်ရသောသောကြောင့်ပေတည်း။

ကျွန်တော်က ကိုရာဝဏ္ဏကို "ကိုရာ"ဟုပင် အဖျားစွတ်ခေါ်သကဲ့သို့ သူကလည်း ကျွန်တော့်ကို "ပိစိ"ဟုသာ ခေါ်လေ့ရှိသည်။ သူ့ကြည့်ရတာ ကျွန်တော့်ကို ညီငယ်လေးတစ်ယောက်လို သဘောထားပုံပေါ်သော်လည်း ကျွန်တော့်အတွက်တော့ သူသာ ကျွန်တော့်ဘဝ ဖြစ်သည်။ တစ်ချိန်ချိန်တော့ သူ ဒါကို နားလည်လာမှာပါလေဟုသာ မျှော်လင့်ချက်ထားနေရသည်။

တစ်နေ့သ၌ ပျင်းပျင်းနှင့် စာစုတစ်ခုကို Facebook ပေါ်သို့ ကောက်တင်လိုက်မိသည်။

စာမေးပွဲ ပြီးတော့လည်း ပျင်းလိုက်တာ ဂစ်တာတီးတတ်ချင်လိုက်တာ 😪😪

#သွင်

ခင်ရမင်ရသူတချို့က "သင်တန်းတက်လေ" ဟု လာရောက် မှတ်ချက်ပေးသွားကြသည်။ တချို့က "ဂစ်တာဆိုတာ ဘာလဲရော သိရဲ့လား" ဟု လာစသွားကြသည်။ တချို့က "သင်ပေးမယ်လေ မုန့်ကျွေးရင်" ဟူ၍လည်း လာပြောကြသည် ရှိ၏။ တချို့ကတော့ Reaction ပေးရုံမျှလောက်သာ ရှိ၏။ သို့သော် မျှော်လင့်နေခဲ့ရသူကတော့ Love Reaction လေး တစ်ခုသာ ပေးလျက် အခြားသော မည်သည့်စကားကိုမျှ မဆိုပါချေ။ မှတ်ချက်လည်း လာမရေးသလို မက်ဆေ့ခ်ျမှာလည်း ထိုအကြောင်း တစ်ရွေးသားမျှပင် မပြော။ ဉာဏ်ဆင်တာတောင် "ဆင်နေပါတယ်ခင်ဗျာ"ဟု ပေါ်တင်ပြောရမည့် အဖြစ်မျိုးနှင့် ကျွန်တော်ပါလား...ဘုရား...ဘုရား။

_______________________

နေရိပ်တစ်ယောက် တောက်တီးတောက်တဲ့ ပြောဆိုရင်း လမ်းကို  လျှောက်လာသည်။ မကျေနပ်ခြင်းတို့်က သူ့မျက်နှာမှာ အထင်းသား။ ထုံးစံအတိုင်း အိမ်က အမေ့ပိုက်ဆံဘတ်နေချိန် မိသွားသည်ထင်၏။ နိင်အောင်သွင့်အိမ်သို့ ရှေးရှုနေသော သူ့ခြေလှမ်းတို့သည် ခါတိုင်းထက် မြန်နေသလိုလို ထင်ရသည်။

Final Year Dear BroWhere stories live. Discover now