အသိစိတ်မဲ့နေသလိုမျိုး အငွေ့တလူလူထွက်နေတဲ့ ရေနွေးအိုးကိုသာငေးနေမိတယ်…။ရေနွေးအိုးက ဆူပြီး ခလုတ်ပိတ်သွားတော့ မသိစိတ်ရဲ့ဦးဆောင်မှုနဲ့ပဲ လက်ဖက်ခြောက်ထည့်ပြီးသား ရေနွေးခွက်ထဲ ရေနွေးကို လောင်းထည့်လိုက်သည်။မနက်ကပင် ထိခိုက်အောင်လုပ်ခဲ့ပြီး အိမ်ထဲခေါ်သွင်းဖို့တောင် မလိုတဲ့ဧည့်သည်ကို တကူးတက ရေနွေးနဲ့ဧည့်ခံတာက နည်းနည်းတော့ ရူးတယ်ထင်ရပေမယ့် အပူပေးစက်မပေးထားတဲ့ စင်္ကြန်မှာ အချိန်အကြာကြီးရပ်နေရလို့ ဖြူလျော့နေတဲ့သူ့မျက်နှာနဲ့ ခြောက်သွေ့နှုတ်ခမ်းတစ်စုံက ကျွန်တော်ရဲ့ လျစ်လျူရှုချင်မှုကို အလွယ်တကူပဲဖျက်စီးလိုက်တယ်။
ရေနွေးခွက်ယူကာ ဧည့်ခန်းထဲထွက်လာတော့ သူက အလှချိတ်ထားတဲ့ ကျွန်တော်ရဲ့ လူတစ်ရပ်စာ ဓါတ်ပုံဘောင်ကို ငေးနေရာက လှည့်ကြည့်သည်။သူ့ရှေ့ရေနွေးခွက်ချပေးပြီး 'သောက်ပါဦး' မပြောမိပေမယ့် သူက ချက်ချင်းပဲ ယူသောက်လိုက်တယ်…။ခွက်ကို အယူမှာမှ သတိထားမိသည့်
ညာဘက်လက်ဖဝါးမှာစည်းထားတဲ့ ပတ်တီးက သွေးစအနည်းငယ်စွန်းနေသည်…။"အာ…အိမ်ရောက်မှ ဆေးပြန်ထည့်ရမှာ…"
စိုက်ကြည့်နေမိသည်ကြောင့်လားမသိ သူက အေးအေးဆေးဆေးဟန် ထားကာ ပြောသည်။ကျွန်တော်ဘာစကားမှမဆိုမိတော့ သူကပဲ…
"သိပ်မနာပါဘူး…"
ပြောပြီး ကိုင်ထားသည့်ခွက်ကို ပြန်ချကာ သူလက်ကို ဘောင်းဘီအိပ်ထဲထည့်ကာ ဖွက်လိုက်တော့ ကျွန်တော်ဟက်ခနဲရယ်မိသည်…။စိတ်ရှိတိုင်းသာဆို အဆင်ပြေသလိုမျိုးပြုံးနေတဲ့ သူ့မျက်နှာကို တစ်ချက်လောက် ခပ်ပြင်းပြင်းထိုးပစ်ချင်တာပဲ…
"အရူး…"
ဒဏ်ရာပေးခဲ့တာကကိုယ်ဖြစ်ပြီး နာကျင်ရတာလည်း ကိုယ်…
"ဟမ်…"
"နာရင်နာတယ်ပြောရမှာ အဲ့လောက်ကြောက်လား။ဒါမှမဟုတ် ငါ့ကိုမို့လို့လား…"
သွားကြားထဲက ထွက်လာတဲ့အသံက အေးစက်စက်…သူက နားမလည်နိုင်သလိုမျိုးသာငေးနေသည်…။အဲ့မျက်လုံးတွေကို မုန်းသည်…။သိပ်ကို ရိုးသားဖြူစင်သည်ပေါ့…။ဒီလိုအချိုးတွေကြောင့် ကျွန်တော်တစ်ယောက်တည်း တစ်ဖက်သက် လူးလိမ့်ခံစားပြီး ငိုကြွေးခဲ့ရတာတွေ…ကိုယ့်ကိုယ်ကို ရှက်ရွံပြီး ရွံရှာမုန်းတီးခဲ့ရတာတွေ…အားငယ်ထိတ်လန့်ခဲ့ရတာတွေ…ပြန်မြင်ယောင်တော့ အောင့်မျက်နာကျင်သည်…။
တော်ပြီ ထပ်ပြီး မနာကျင်ချင်…
YOU ARE READING
Silence~
Fanfictionတိတ်ဆိတ်ငြိမ်သက်သွားခြင်းနောက်က နက်ရှိုင်းတဲ့ ဒဏ်ရာတွေအကြောင်း...။