■မြက်ခင်းပြင်■
"ကိုယ်အကြိုက်ဆုံးသောနေရာကတော့ မြက်ခင်းတွေပေါ့ ..မိုးရွာပြီဆို မိုးရေစိုတဲ့ အနံ့ထက် မြက်ခင်းတွေ ရေစိုတဲ့ အနံ့ကို ပိုကြိုက်တယ်၊ ကိုယ် ငယ်ငယ်က သီချင်း ကြည့်ဖူးတယ် နာမည် မမှတ်မိတော့ဘူး .. သတို့သမီး အတုက သတို့သမီး အစစ်နေရာ အစားထိုးလိုက်တာလေ ... အဲ့တော့ အစစ်က မြက်ခင်းတွေကြားပြေးရင်းနောက်ဆုံးဗွက်အိုင်ထဲ သေသွားတယ်။
ကိုယ်က သိပ်ဇီဇာကြောင်တယ်ပြောပြော ကိုယ်ငယ်ငယ်ကဆို ကိုယ့်အိမ်က ကြောင်လေးနဲ့ တူတူမြက်ခင်းပေါ် ပြေးဆော့နေကြ ၊
ကိုယ်တို့နေတဲ့အရပ်ကတောင်ကုန်းလေးလေ နေသာတာ ရှားတယ် နေ့ရက်တိုင်း မိုးတွေရွာနေတော့တာပဲ ။"သူမဟာ သူမ သဘော ကျတဲ့ မြက်ခင်းပြင်အကြောင်းကိုပြောရင်း ပြတင်းပေါက်အပြင်ကို ငေးကြည့်တယ် ..စားပွဲပေါ်မှာ ရေခဲမုန့်တစ်ခွက် တင်ထားတယ် .သူ့လက်ထဲမှာတော့ စီးကရက် တစ်လိပ်ကိုင်ထားတယ် ..ထိုင်နေတဲ့ ဆိုဖာခုံပေါ်ကို ခြေနှစ်ချောင်းလုံး ပူးတင်ပြီး ကွေးထိုင်နေတယ် ။
" ဟော မိုးရွာပြီ "
ကလေးတွေ ပြေးထွက်သွားတာကို မြင်တော့ သူမ ရယ်ပြီး အော်ပြောလိုက်တယ် ။
ဖုန်းသံလိုလို ကြားရတယ် ၊ တကယ်က ခုနက ရေဒီယို နားထောင်နေတဲ့ သူက ခုထိ မပိတ်သေးတာ ။ဆိုင်ထဲမှာ ရေခဲမုန့်စားရင်း ဆေးလိပ်သောက်လို့ ရမရ ဘယ်သူအတည်မပြု သလို မိုးရွာနေတုန်း ရေဒီယိုနားထောင်သင့် မထောင်သင့်ဘယ်သူမှ လာမပြောဘူး ။
ဘာလို့လဲ ဆိုတော့ ဆိုင်ထဲမှာ ဆိုင်ရှင်ရောဝန်ထမ်းပါ ဘယ်သူမှ မရှိလို့၊ တကယ် က ဒါက အသင့်စား တွေ အစုံရောင်းတဲ့ ဆိုင် ၊ စောနက တော့ သူတို့ နေတဲ့ အိမ်ကို သူခိုးဖောက်ခံရတယ် ကြားလို့ ဆိုင်ကို ပစ်ပြီး ပြေးထွက်သွားကြတာ ပိုရယ်ရတယ်။
" ခပ်ပါးပါးပေါ့ လူတွေက သိပ်တုံးတာ ..ကိုယ်ငယ်ငယ်က ကမ်းခြေမရောက်ဖူးဘူးလေ ..မိုးရာသီမှာ ရေထိ ရင် သိပ်ပျော်တာ ၊ သူငယ်ချင်းနဲ့ တူတူ ကျောင်းပြန်လာလို့ ထီးကိုပစ်လိုက်ရင်ရေတွေစိုကုန်ရော ၊ မင်းရော မြက်ခင်းတွေနဲ့ မိုးရေတွေကိုကြိုက်လား"
သူမဟာ ဆေးလိပ်ကို ဖွာရှိုက်ရင်း မေးတယ် ..ရေဒီယို နားထောင် နေတဲ့ သူဟာ ထအော်တော့တယ် ။
" မင်းတစ်ယောက်တည်း စကားပြောနေတာ ရပ်မလား ငါ့ကိုအနှောင့်အယှက်ဖြစ်စေတယ် "
"ရပ်မယ်လေ ရပ်မယ် ..ရှင်မိုးကြိုးပစ်ခံရပြီးရင်ပေါ့ "
ဆိုင်ထဲမှာ ခဏ ငြိမ်သက်သွားပြန်တယ် .. ဆိုင်လေးဟာ မှောင်တယ် ပြီးတော့ စိမ့်စိမ့်လေးအေးနေတယ် ။ အပြင်မှာလည်း အဲ့လို ပါပဲ မှောင်တယ် ...စိမ့်စိမ့်လေး အေးနေတယ် ။
သူမဟာ ထီးမပါ ဘဲ ဆိုင်ထဲက ထွက်သွားတယ် ၊ ဆေးလိပ်ကို မီးမငြိမ်းဘဲ ပစ်ချလိုက်တယ် .. မိုးရေစက်တွေနဲ့ စိုစွတ်နေတဲ့ မြေပြင်ကြား မီးငြိမ်းသွားတယ် ...
သူမရဲ့ ဂါဝန်တိုတိုပါးပါး ဟာ ရေစိုသွားတယ် ...သူမ ငှားနေတဲ့ အိမ်ခန်းအောက်ကိုရောက်တော့မှ ခုနက ရေခဲမုန့်ဖိုး မပေးရသေးဘူးဆိုတာ သတိရတာ .. မပေးတော့ပါဘူးလေ။ အိမ်အပေါ်ထပ်ကို သုံးထပ် ထိပြေးတက် လိုက်တယ် ...ပြတင်းပေါက်ကို ဖွင့်လိုက်တယ် ....
Eureka လို့အော်ပြီး သူမ ခုန်ချလိုက်ပြီး နောက် တစ်စက္ကန့်အကြာမှာ တော့ သူမဟာ သူမငယ်ငယ်က သဘောကျတဲ့ မြက်ခင်းပေါ် လှဲလျက်သားရောက်နေတယ်။
မိုးတိတ်သွားပြီ၊ ကျန်ခဲ့တဲ့ ရေခဲမုန့်လည်း အရည်ပျော်သွားပြီ၊ ရေဒီယို လည်းပိတ်သွားပြီ။
နေ့လည်ခင်းဟာ အရင်လိုပဲ ခပ်ပါးပါးလေးမှောင်တယ် ။
ပိတ်ထားတဲ့ ရေဒီယို ဟာ ရုတ်တရက် ပြန်ပွင့်လာတယ် ဓာတ်ပြား သီချင်းတွေ လွှင့်နေတဲ့ အသံပြန်ထွက်လာတယ်။
မိုးတိမ်မည်းတွေ ဖုံးနေတဲ့ နေ့လည်ဘက်ဟာ ခပ်ပါးပါးလေးဆွေးနေတယ် ၊ ရေစိုနေတဲ့ မြက်ခင်းဟာ မြေသင်းနံ့ထက် ပိုကောင်းတယ် ။ ။
![](https://img.wattpad.com/cover/188923266-288-k702539.jpg)
YOU ARE READING
Random Shorts
Short Storyတစ်ခုမေတ္တာရပ်ခံချင်တာကတော့ ဒီထဲက ဝတ္ထုတိုလေးတွေကို ဖတ်ပြီး တွေးကြည့်ပါ တွေးကြည့်ပြီးရင် ကိုယ်ခံစားရတဲ့ ကိုယ့်ဘက်က အမြင်လေးတွေကိုရေးချပေးခဲ့ပါ ။ ဝတ္ထုတိုတွေတဲ့ ၊ ရိုးရှင်းပါတယ် အရောင်မပါတဲ့ ဆန္ဒတစ်စုံ ခပ်ပါးပါးရယ်ပါ ။ (စာရေးတဲ့ ပုံစံ ကိုအသစ်တစ်မျို...