zawgi
"အိပ်တော့ မမ..."
"ထိပ်ထားအိပ်နှင့်လေ...မမ မအိပ်သေးဘူး"
"ကျစ်..."
ထိပ်ထားအခန်းမီးကို ဒေါက်ခနဲပိတ်ချပစ်လိုက်သည်။ထားမြင့်နဒီက ကောင်းကောင်းမွန်မွန်ပြောလို့မရ...
"အိပ်တော့ဆိုနေ"
စာရေးစားပွဲမှာထိုင်နေတဲ့ ထားမြင့်နဒီကို လက်ကနေအတင်းဆွဲခေါ်လာကာ ကုတင်ပေါ်ပစ်ချလိုက်သည်။ဒါတောင် ပြန်ထဖို့ပြင်နေတာမို့ ပခုံးကနေအတင်းဖိချကာ ခေါင်းအုံးပေါ်လှဲစေလိုက်သည်။
"မထနဲ့..."
သူ့မျက်ဝန်းတွေကိုတည့်တည့်စိုက်ကြည့်ကာ အမိန့်တစ်ခုပေးလိုက်တော့ သူကခဏတော့ငြိမ်သွားသည်။အတင်းမရုန်းတော့...ထိပ်ထားလည်းကုတင်ခြေရင်းမှာရှိနေတဲ့စောင်ကိုဖြန့်ကာ သူ့ကိုခြုံပေးလိုက်သည်။
ထားမြင့်နဒီ အရင်ကထက်စာပိုလုပ်လာသည်။ညတွေဆို အတော်ညဉ့်နက်တဲ့အထိစာလုပ်နေတာမို့ လူကတစ်နေ့တစ်ခြားပိန်ပိန်လာကာ မျက်တွင်းတွေက ညိုလို့...တကယ်ဆို ထားမြင့်နဒီက ထိပ်ထားထက်စာတွေအများကြီးပိုရ အမှတ်တွေပိုကောင်းတာဖြစ်ပေမယ့် လောဘကြီးနေတုန်း...
အခုလည်း သူ့ကိုတစ်ရက်တစ်လေလေးစောစောအိပ်စေချင်လို့ပြောတာကိုမရ...အေးအေးဆေးဆေးပြောရင်နားမထောင်ပဲ ထိပ်ထားဘီလူးဆိုင်းတီးပြမှ မျက်လုံးလေးကလယ်ကလယ်နှင့်ထိပ်ထားကိုလူဆိုးမ ဖြစ်အောင်အမြဲလုပ်သည်။
"အမှတ်တွေ အဲ့လောက်ကောင်းနေတာကို ဘာလို့အသည်းအသန်တြွေဖစ်နေတာလည်း သေရင်ကိုယ့်နောက်ပါတာလည်းမဟုတ်ဘူး...လူကိုလည်းကြည့်ဦး ပိန်ခြောက်ပြီးမျက်တွင်းဟောက်ပက်နဲ့...တစ်ရက်တစ်လေလေး အိပ်ရေးဝအောင်အိပ်ဦး...တော်ကြာ စာမေးပွဲဖြေခါနီး လဲသွားမှ တစ်သက်လုံးကျက်ထားသမျှတွေအလကားဖြစ်မယ်..."
စကားအရှည်ကြီးပြောပြီး ထိပ်ထားကုတင်ပေါ်ကိုလှဲချပစ်လိုက်သည်။စောင်ကိုကျကျနနခြုံကာ ထိပ်ထားကတော့ တစ်ချိုးတည်းအိပ်တော့မှာဖြစ်သည်။ထားမြင့်နဒီကတော့ အိပ်မှာလား ပြန်ထပြီးစာလုပ်ဦးမလားမပြောတတ်...ကုတင်ပေါ်မှာငြိမ်တာတော့ငြိမ်နေသည်။သို့သော် ငြိမ်နေတိုင်းလည်းစိတ်ချရတာမဟုတ်