Episode-5

3.2K 525 27
                                    

(unicode)

    ဆိုးလ်မြို့ရဲ့ ဒီဇင်ဘာလက သာမန်ထက်ပိုပြီး အအေးကဲတယ် ။ ခရစ်စမတ်နေ့မို့ ဆိုးလ်မြို့ရဲ့ လမ်းမတွေပေါ်မှာ သမရိုးကျ နေ့ရက်တွေထက်ပိုပြီး လူတွေစည်ကားနေတယ် ။

    အဲဒီ့လူတွေထဲမှာ ဘတ်ဟျွန်းနဲ့ ချန်ယောလ်လည်း အပါအဝင်ပေါ့ ။

"ချန်ယောလ် ...အိမ်ကနေပဲ မှာစားရအောင်..."

    အေးစက်လှတဲ့ ဒီဇင်ဘာမနက်ခင်းမှာ မနက်စောစောထလာရတဲ့ ဘတ်ဟျွန်းက ချန်ယောလ်ကို သိပ်မကြည်ချင်ဘူး ။ ဘတ်ဟျွန်းက သုံးထပ်လောက် ထပ်ပြီးဝတ်ထားတဲ့ အနွေးထည်တွေအပြင် ခေါင်းစွပ်ပါ စွတ်ထားတာတောင် အေးလွန်းလို့ နှာခေါင်းထိပ်ဖျားလေးတွေ ရဲနေပြီ ။ ဒီလိုအေးတဲ့ အချိန်တွေဆို ဘတ်ဟျွန်းက အိမ်မှာပဲ နေချင်တာ ။ ဘတ်ဟျွန်းက အအေးမခံနိုင်ဘူးလေ ။

    ချန်ယောလ်ကတော့ နဂိုတည်းက အအေးကြိုက်တဲ့သူမို့လို့လားမသိ ။ long coat တစ်ထည်တည်းနဲ့ ချန်ယောလ်က လုံလုံလောက်လောက်နွေးတယ် ။ ဘတ်ဟျွန်းလို အင်္ကျီအိတ်ကပ်ထဲ လက်ထည့်ပြီး နွေးအောင်လုပ်စရာမလိုဘဲ ချန်ယောလ် လက်တွေက အလိုလိုပူနွေးနေတတ်တယ် ။ အရင်ကတော့ ဘတ်ဟျွန်းအေးတဲ့ အချိန်ဆို ချန်ယောလ်က သူ့လက်ကို ကိုင်ပြီး ချန်ယောလ်အိတ်ကပ်ထဲ ပေါင်းထည့်ထားပေးတယ် ။ အခုကတော့ ဘတ်ဟျွန်းက ဘယ်လောက်ပဲအေးအေး ချန်ယောလ်လက်ကို မကိုင်တော့ဘူး ။

"ခရစ်စမတ်နေ့ပဲ နားရက်ရတာကို.. အိမ်မှာပဲနေမယ်...နောက်ပြီး အပြင်ကဆိုင်တွေ စျေးကြီးတယ်..."

    ချန်ယောလ်က ကုမ္ပဏီမှာ အရေးပါပြီး လစာကောင်းတဲ့ ဌာနမှူးနေရာရထားတာတောင် ကပ်စေးနည်းနေလွန်းတယ် ။ ဘတ်ဟျွန်းရဲ့ ပန်းချီကားတွေ ရောင်းတဲ့လစာနဲ့ ယှဥ်ရင် ချန်ယောလ် လစာက အပုံကြီး သာနေရဲ့သားနဲ့ ပတ်ချန်ယောလ်ကတော့ အင်မတန် ကုတ်ကပ်ပြီးကပ်စေးနည်းတယ် ။

"မြန်မြန်ဝယ်ပြီး ပြန်မယ်..."

"ခဏပါပဲ..."

    ခရစ်စမတ်နေ့မို့ သူများတွေအကုန် အပြင်ထွက်စားနေတဲ့အချိန်မှာ လူထူးဆန်း ပတ်ချန်ယောလ်က အိမ်မှာပဲ ဟော့ပေါ့နဲ့ ဘာဘီကျူးလုပ်စားဖို့ စဥ်းစားနေတယ် ။ အခုက စဥ်းစားတဲ့အဆင့်ကိုကျော်သွားလို့ လက်တွေ့ လုပ်တဲ့အဆင့်ပေါ့ ။ ဒါကြောင့် ချက်ဖို့ပြုတ်ဖို့ ပစ္စည်းတွေ လာဝယ်ဖို့ ပန်းချီဆွဲနေတာ မပြီးသေးတဲ့ ဘတ်ဟျွန်းကို အတင်း ဆွဲခေါ်လာတာပါပဲ ။

Merry-go-round of lifeWhere stories live. Discover now