အခန်း ၁ ( Unicode )

1.3K 105 0
                                    

လွယ်လာတဲ့ ဆာလာအိတ် ပန်းရောင်ကို ပစ်ချလိုက်ပြီး ရိပေါ်က ဆူပုတ်ပုတ်နဲ့ စိုက်ကြည့်နေတယ်..။ လေးထောင့်မှန်ကွက်လေးတွေနဲ့ တံခါး ပြာပြာလေးရှိတဲ့ အဆောက်အအုံ ဟောင်းဟောင်းလေးကို ကြည့်နေတဲ့ ရိပေါ်ဟာ မကျေမချမ်း ရုပ်နဲ့ ..။ ဆာလာအိတ်ထဲ မွှေနှောက်ပြီး ရှာလိုက်တော့ တံခါးပြာပြာမှာ ခတ်ထားတဲ့ သော့ခလောက်နီလေးကို ဖွင့်ဖို့ သော့တစ်ချောင်းက ရိပေါ်လက်ထဲ ရောက်လာတယ် ..။ သော့ဖွင့်ပြီး တွန်းဝင်လိုက်တော့ အစီအရီရှိနေတဲ့ စာအုပ်စင်တွေဟာ ရိပေါ်ရဲ့ မြင်ကွင်းရှေ့ အပြည့်ရောက်လာတယ်..။ ဟုတ်တယ်.. ဒီ အိမ်ပြာလေးက စာအုပ်အငှားဆိုင် တစ်ဆိုင်..။

ကိုးဆယ်ခုနှစ်များဆီက ဆယ်ကျော်သက်တွေရဲ့ ယွဲ့လောင်လို့ ပြောရလောက်တဲ့ အထိ စာအုပ်အငှားဆိုင်လေးတွေက အစွမ်းထက်ခဲ့တာ ..။ အေးချမ်းတဲ့ ညနေခင်းတွေမှာ အလုပ်က ၊ ကျောင်းက အသီးသီးပြန်လာတဲ့ ကောင်လေး ကောင်မလေးတွေဟာ စာအုပ်အငှားဆိုင်လေးဆီလာမယ် .. အပြုံးချင်းဖလှယ် ၊ စာပေရသချင်း ဖလှယ်.. ပြီးတော့ နှလုံးသားချင်းပါ ဖလှယ် သွားကြတဲ့ အဖြစ်အပျက်တွေ ဆိုတာ မနည်းမနော..။ ဒါပေမယ့် အခုခေတ်မှာက ဒါမျိုးတွေ ဆိုတာ မရှိတော့ဘူး..။ တိုးတက်လာတဲ့ နည်းပညာနဲ့အတူ စာအုပ်အငှားဆိုင် ယဉ်ကျေးမှုဆိုတာ မှေးမှိန်သွားခဲ့ပြီ..။

ဒီခေတ်ကြီးထဲမှာ ဘယ်သူမှ စာအုပ်ငှားပြီး မဖတ်ကြတော့ဘူး..။ တောင်ပေါ်မြို့လေးဆိုပေမယ့် ခေတ်ကို အမီလိုက်နေတဲ့ ဒီမြို့လေးမှာလည်း တူတူပဲ..။ သိချင်တာရှိရင် Baidu မှာ ရှာမယ်..ဖတ်ချင်တာရှိရင် online ပေါ်က ဖတ်ရင်ဖတ် မဟုတ်ရင် စာအုပ်ကို ဝယ်ဖတ်လိုက်ကြတာပဲ..။ ဒီတော့ စာအုပ်အငှားဆိုင်လေးကို လာတဲ့လူ ရှိပါဦးတော့မလား..။ ရိပေါ် မကျေနပ်တာကလည်း အဲဒါပဲ..။

နောက်ဆုံးနှစ် စာမေးပွဲပြီးလို့ ကော့ပက်ကော့ပက် အိမ်ပြန်လာတဲ့ ရိပေါ်ကို မာမားက သူ့စာအုပ်ဆိုင်ထဲ ထိုးထည့်လိုက်တာ..။ ရိပေါ် စာအုပ်ဆိုင်စောင့်နေတဲ့ အတောအတွင်းမှာ မာမားကတော့ ပါပါးနဲ့ အလုပ်ခရီးသွားတာကို အတူတူလိုက်သွားမယ်တဲ့..။ သိပ်ကောင်း .. အရမ်းကောင်း..။ ဖတ်မယ့်သူ မရှိတဲ့ စာအုပ်ဆိုင်ကို ဘာလုပ်ဖို့ ဖွင့်နေမလဲ..။ ပိတ်ထားခဲ့လို့ အကြံပေးပေမယ့် ဒီဆိုင်လေးကို တစ်ရက်မပြတ်ဖွင့်တယ်ဆိုတဲ့ သံယောစဉ်ကို မက်နေသေးတဲ့ မာမားဟာ ရိပေါ်ကို ရာဇသံ ပေးသွားတော့တာပဲ..။ ငါမရှိတုန်း ပိတ်ထားရဲ ပိတ်ထားကြည့် မွေးနေ့လက်ဆောင် စကိတ်အကောင်းစား ဝယ်ပေးဖို့ ပိုက်ဆံတွေ အကုန် ရွှေဝယ် ဝတ်ပစ်မယ် တဲ့..။ ရိပေါ်မှာ သူငယ်ချင်းတွေနဲ့ ချိန်းပြီး သွားမယ်လာမယ် လုပ်ထားတာတွေပါ ဖျက်လို့ စာအုပ်ဆိုင်ကို ဆူထော်ပြီး ချီတက်လာရတော့တယ်..။ တကယ်ပါပဲ.. မာမားဆိုင်ကို ဇောက်ထိုးလုပ်ပစ်မယ်..။

Love Is YouDonde viven las historias. Descúbrelo ahora