Chapter-22

111 21 2
                                    

သေခြင်းခွဲသည့်တိုင် Ch22


ထိုနှစ်က ရှန်လျှံရှိန်သည် နွေဦးပေါက်တစ်ပိုင်းနှင့် နွေရာသီကို တောင်ပိုင်းတွင်ပျော်ရွှင်စွာဖြတ်သန်းခဲ့သည်။ ဤနိုင်ငံမှထွက်သွားဖို့ရန် သူဆုံးဖြတ်ပြီးမှတော့၊ လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန် အပြီး လုပ်ထားရမည်လေ။ ရှန်မိသားစုပိုင်စက်ရုံကို သူရောင်းချင်နေပေမယ့်၊ ဂျပန်တို့မှလွဲ၍ ၀ယ်နိုင်မည့်သူ မရှိပေ။ ဈေးနှိမ်ခြင်းကိုသူ မကန့်ကွက်ပါ။ အဘယ်ကြောင့်ဆိုသော်၊ မြောက်ပိုင်းရှိစက်မှုဇုံကို ဂျပန်တို့က ကြီးစိုးထားပြီး၊ အင်္ဂလိပ်နှင့် အမေရိကန်လူမျိုး ရင်းနှီးမြှပ်နှံသူများအတွက် နေရာလပ် မကျန်တော့သောကြောင့် ဖြစ်သည်။ သို့သော်၊ အပေါင်ခံပစ္စည်းများနှင့် အိမ်ခြံမြေတို့ကို နှိမ်ထားသောဈေးဖြင့် ငွေဖော်ဖို့ရန်အကြောင်းမရှိ၍၊ ရှန်လျှံရှိန်သည် ဧပြီလတွင် Peipingမြို့ကိုသွားပြီး၊ မေလတွင် ရှန်ဟိုင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။

စီးပွားရေးကိစ္စများကိုရပ်နားထားသည့်နောက်၊ သူသည် Tientsinသို့အလောတကြီးမပြန်ခဲ့ဘဲ၊ ရှန်ဟိုင်းတွင် တစ်လလောက်နေခဲ့သေးသည်။ ဒီဟာက သူ့အတွက်တော့ အားလပ်ရက်ရှည်ဟု သူ့ကိုယ်သူ မှတ်ယူထားပြီး၊ Tientsinမြို့နှင့်ဝေးဝေးနေလျှင်တော့၊ မကြာခင်မှာပဲ တစ်ယောက်သောသူကို သူမေ့သွားလိမ့်မည်ဟု ထင်နေပုံပေါ်သည်။

ဂျူလိုင်လတွင် မြောက်ပိုင်း၌မုန်တိုင်းများ ခဏခဏ၀င်မွှေ၍၊ မြစ်ရေများလျှံကာ၊ သတိပေးချက် ထုတ်ပြန်ရသည်အထိ မြို့ထဲရွာထဲသို့ ရေများဝင်ရောက်လာခဲ့သည်။ နောက်ဆုံးတွင် ရေကြီးမှုဖြစ်ပွားပြီး တစ်လအကြာ၌၊ Tientsinမြို့၌ တောင်ပိုင်းရော မြောက်ပိုင်းရောက..လယ်ကွင်းများမှာ ဒုက္ခအရောက်ဆုံး ဖြစ်သည်။ ရှန်မိသားစုပိုင်စက်ရုံသည် မြို့ပြင်တွင်ရှိတာမှန်သော်လည်း၊ အနောက်ပိုင်းခရိုင်များ လောက်တော့ အန္တရာယ်မခံခဲ့ရပေ။ သတိပေးချက်တို့မှားယွင်းမှုကြောင့်၊ ချောင်သည် လက်ရှိရှန်လျှံရှိန် တည်းခိုနေသော ဟိုတယ်သို့ ဖုန်းဆက်ခဲ့သည်။ ချောင်က ရေလွှမ်းခံရသော လယ်ကွင်းများအကြောင်းကို ပြောပြပြီး၊ သူ့ဘော့စ်အား အခင်းအကြီးအငယ်တို့ကို ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးရန် ပြန်လာခိုင်းတော့ သည်။ ဒါကိုကြားတော့၊ ရှန်လျှံရှိန် တွန့်ဆုတ်တွေဝေမနေဘဲ၊ Tientsinသို့ အပြန်လက်မှတ် မှာခဲ့သည်။

သို့သော် ဒီသတင်းကို သူ..အရေးတကြီးမယူဆခဲ့ပါ။ တကယ်တော့ဖြင့်၊ Tientsinဆိုသည်က တရုတ်ပြည်မြောက်ပိုင်းရှိ ဂျပန်တို့အတွက် ဗျူဟာအချက်အချာအကျဆုံးနေရာများထဲမှ တစ်ခုပါဝင်သဖြင့်၊ ထိုသောက်သုံးမကျသောအစိုးရသည် သူတို့သာ သုံးစားလို့မရသော်လည်း၊ မြို့ထဲတော့ ရေများ အ၀င်ခံမည်မဟုတ်။ အဆိုးဆုံးကို တွေးထားရလျှင်တော့၊ သူတို့တတွေသည် ရေထိန်းတံခါးများကို ဖြိုချကာ၊ ရေလမ်းကြောင်းကိုလွှဲပြီး၊ ဘေးပတ်ဝန်းကျင်ကမြေများ ရေကြီးနေလျှင်တောင် မြို့ထဲကိုတော့ ရေဘေးဒဏ်မှ ကာကွယ်ထားလိမ့်မည်။ ထိုမြို့တွင်ရှိမနေသော ရှန်လျှံရှိန်တစ်ယောက်တည်း စိတ်မပူတာ မဟုတ်ပါ။ Tientsinမြို့သူမြို့သားများကိုယ်တိုင်သည်လည်း ဤဆိုးဝါးလှသောရေကြီးမှုကြောင့် တုန်တုန်လှုပ်လှုပ်ဖြစ်မနေခဲ့ကြ။ Tientsinမြို့သည် ကုန်းနိမ့်ပိုင်းတွင်တည်ရှိ၍ ခဏတိုင်းလိုလို ရေကြီးမှုပြဿနာရှိသည်။ ရေဘေးသည် မကြာခဏဖြစ်တတ်သည့် ဘေးဒုက္ခဖြစ်သောကြောင့်၊ လူများက သတိထားမှုနည်းပါးကြသည်။ အဆိုးဆုံးဖြစ်ရပ်ကတော့ လမ်းများတွင်ပိတ်ဆို့နေ၍ ရက်ပေါင်းများစွာ သွားရေးလာရေးမလွယ်ကူခြင်းမျှသာဖြစ်သည်။

မြို့နေပြည်သူများတောင် အရေးပေါ်လုပ်ဆောင်ချင်စိတ် မရှိမှတော့၊ သောက်သုံးမကျသည့် အစိုးရသည်လည်း အိမ်ထောင်စုများအား အိမ်များထဲ ရေမ၀င်စေရေးအတွက် အိမ်ရှေ့တွင် ရေတားများဆောက်လုပ်ဖို့ရန်သာ သတိပေးနှိုးဆော်ချက်ထုတ်ပြန်ခဲ့ပြီး၊ အခြားသော အရေးယူမှုများ မလုပ်ဆောင်ခဲ့ချေ။ ရှန်လျှံရှိန်တစ်ယောက် သူ့အိမ်ပြန်ခရီးအတွက် ရထားပေါ်တက်တော့၊ သြဂုတ်လ အစောပိုင်းရောက်သွားခဲ့ပြီ။ ခရီးလမ်းတ၀က်တွင် သတင်းတက်လာသည်က ရေကြီးမှုဆိုးရွားလာသော သတင်းဖြစ်၏။ ထို့နောက် ရှေ့သို့နည်းနည်းသွားပြီးသည်နှင့်၊ Tientsinမြို့သို့ဝင်သည့် ရထားလမ်းများမှာ ရေလွှမ်းသွားပြီဖြစ်၍ မြို့ထဲသို့ဝင်ဖို့မဖြစ်နိုင်တော့ဟူသည့် ထုတ်ပြန်ချက်ရောက်လာသည်။ ထို့ကြောင့် ရထားသည် Peipingမြို့ကို ပတ်သွားမှရတော့မည်။ လမ်းပန်းဆက်သွယ်ရေးစနစ်များမှာ ယောက်ယက်ခက်နေပြီး၊ ရထားသည် ရပ်ပြီးရင်း ရပ်နေတော့သည်။ ခရီးသည်များကမူ Tientsinမြို့က အစိုးရသည် ရေထိန်းတံခါးကိုဖြိုချ၍ မြို့ထဲသို့ ရေများ တကယ်တမ်း မ၀င်စေဖို့ရန်သာ ဆုတောင်းနေရတော့သည်။

ဒီအချိန်ရောက်မှတော့၊ ဂျပန်အစိုးရသည် အေးအေးလူလူမထိုင်နေတော့ဘဲ၊ Yungtingမြစ် ရေထိန်းတံခါးကို မိုင်းခွဲရန် တပ်တစ်တပ် လွှတ်လိုက်လေသည်။ သို့သော်လည်း၊ တည်နေရာမှားနေသည်သာမဟုတ်၊ မိုင်းခွဲသည့်အချိန်လည်း မှားယွင်းနေခဲ့သည်။ အကြောင်းမှာ တရုတ်ပြက္ခဒိန်အရ အမြင့်ဆုံး ဒီရေတက်သည့်နေ့ကို တပ်သားတွေ ရွေးချယ်မိ၍ဖြစ်သည်။ HaiHoသားတို့မှာ ရေများကို ပင်လယ်ထဲ လမ်းမလွှဲနိုင်သဖြင့်၊ လှိုင်းလုံးများတက်လာချိန်မှာတော့၊ လှိုင်းလုံးတို့သည် မျက်စိတစ်မှိတ်အတွင်းမှာတင် မြို့ကို ဖုံးလွှမ်းသွားသည်။ ဒါသည် ဘယ်သူမှမတွေ့ဖူးသေးသောဘေးဒုက္ခသာဖြစ်သည်။

ကြောက်စရာလှိုင်းလုံးကြီးများ၏ရှိုက်ခတ်မှုတစ်ခု အိမ်မက်ဆန်နေပုံမှာ----လမ်းသွားလမ်းလာများ လမ်းပေါ်တွင် ဇိမ်ပြေနပြေလမ်းလျှောက်နေတုန်း၊ အော်ဟစ်သံများရောပြွန်းထားသည့် မိုးခြိမ်းသံလို အသံနက်ကြီးက*ငါလာပြီဟေ့၊ အသက်လုပြီး ပြေးကြတော့*လို့ပြောနေသည်။ ဒါပေမယ့် ခြေထောက်က ရေထက်ပိုမြန်အောင် မပြေးနိုင်လောက်ဘူးလေ။ ရေများက အရှေ့ဘက်စီးလာပြီး အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်အရပ်ထက်မြင့်မားသော လှိုင်းလုံးများဖြစ်ပေါ်ကာ၊ လမ်းထောင့်များအထိ နောက်မှလိုက်နေသည်ကိုသာ လူတွေကြည့်နေခဲ့ရသည်။ ပြေးစရာနေရာမရှိသည့်အပြင် ရေကလည်း သူတို့ခြေမျက်စိထိ ရောက်လာသောကြောင့်၊ အချို့က အနီးအနားကကားများပေါ်တက်ကြပြီး၊ အချို့ကမူ သစ်ပင်များပေါ် တက်ပြေးကြလေသည်။ အဆုံးသတ်မှာတော့၊ ဓာတ်တိုင်များပင် ဖက်တွယ်ထားသော လူများနှင့် အပြည့်ဖြစ်နေသည်။

ချင်းချင်းသည် သူ့ဘ၀တွင် တခါမှ မကြားခဲ့ဖူးသည့် ဆူညံသံများကို ကြားလိုက်သည့်အချိန်၊သူသည် နွေရာသီပိတ်ရက်မို့ အိမ်ရှိ အိပ်ယာထက်တွင် စာဖတ်နေခဲ့တုန်းက ဖြစ်သည်။ သူ ဘာမှမလုပ်နိုင်ခင်၊ ရေသည် သူ့အိမ်ထဲအဆက်မပြတ်ဝင်လာပြီး အိပ်ယာပေါ်ထိရောက်လာတော့သည်။ သူငှားထားသည့် အိမ်သည် HaiHoမြစ်အနီး မိုးများသော အရပ်တွင်တည်ရှိ၍၊ ရေဘေးအသင့်ဆုံးဧရိယာထဲတွင် ပါဝင်သည်။ ကျေးဇူးတင်ဖို့ကောင်းသည်က၊ နေ့ခင်းကြီးဖြစ်လို့ ချင်းချင်းနိုးနေတာ တော်သေးသည်။ အကယ်၍ ညဖြစ်နေပါက၊ ချင်းချင်းတစ်ယောက် သူ့အိမ်မက်ထဲမှာ မြောပါသွားကောင်းသွားနိုင်သည်။ ကံကောင်းစွာဖြင့်၊ ချင်းချင်းအိမ်သည် အုတ်တိုက်ဖြစ်ပြီး၊ လယ်စိုက်သောရွာများက ရွှံ့အိမ်များနှင့်မတူချေ။ ထို့ကြောင့်၊ ဤလောက်ပြင်းသောလှိုင်းရိုက်တာတောင် အိမ်ပြိုမသွားခဲ့ပေ။ ချင်းချင်းက ရေမကူးတတ်သောကြောင့်၊ စားပွဲပေါ်ကိုသာ မနည်းထိန်းကိုင်ထားရသည်။ ထိုသို့ရုန်းကန်နေရစဉ်တွင်၊ သူ့နှာခေါင်းနှင့် နားထဲဝင်နေသောရေများကြောင့်၊ တံခါးဘောင်ကို လှမ်းဆွဲပြီး၊ သူ့ကိုယ်သူ ခေါင်မိုးပေါ်ရောက်အောင် တက်လာခဲ့သည်။ အမိုးပေါ်သို့ သူဘယ်လိုလုပ်ပြီးတက်လာမှန်းတောင် သူ...မသိတော့။ သူနှင့်အတူ ဘာမှမယူလာမိသော်ငြား၊ ရေနဲ့မြောပါမသွားသည်ကိုသာ ကံကောင်းလို့ဟု ချင်းချင်းခံစားရသည်။

ထိုနေ့ညနေမှာပဲ ရှန်လျှံရှိန်Peipingသို့ ရောက်ပြီးနောက်၊ သူသိလိုက်ရသည်က Tientsinမြို့တစ်မြို့လုံး ဒီနေ့နေ့လည်တွင်ပဲ ရေလွှမ်းသွားပြီဆိုသောသတင်းဖြစ်သည်။ သူ့ရုံးခန်းဆီ ဖုန်းဆက်တာလည်း လိုင်းမ၀င်သဖြင့်၊ အဲ့ဒီမှာ ဘာတွေဖြစ်ပျက်နေမှန်း သူမသိရ။ သူသိသမျှကတော့ ကုန်းလမ်း ဆက်သွယ်ရေးများ လုံးဝဥဿုံ ပျက်တောက်သွားပြီဆိုတာသာ။ အခုဆို Tientsinမြို့သို့ တစ်လမ်းတည်းသောဝင်နည်းကား လှေဖြင့်သွားခြင်း သို့မဟုတ် ရေကူးသွားခြင်းဖြစ်သည်။ ရှန်လျှံရှိန်သည် တစ်ညလုံး လှေများရရန် သူ့သူငယ်ချင်းအား ဆက်သွယ်နေခဲ့သည်။ ရှန်လျှံရှိန်တစ်ယောက် ပိုင်ဆိုင်မှုများနှင့်စက်ရုံကိုစိတ်ပူနေသည်ဟု သူ့သူငယ်ချင်းကထင်နေ၍၊ ရရာလှေကိုရှာဖွေနေတုန်း သူကရှန့်ကို နားချသည်။

( မင်းအခုပြန်သွားတော့ရော ဘာအသုံးကျမှာလဲ? အခုအားလုံး ရေမြှပ်နေပြီကွ။ မင်းလုပ်နိုင်တာ ဘာမှ မရှိဘူး။ မင်းသိသားနဲ့...အခုTientsinမှာ ဖရိုဖရဲအကြီးကြီးဖြစ်နေတယ်လို့ ငါကြားထားတယ်။ လူတွေ အများကြီး ရေနစ်သေကြ၊ ရေရိုက်ခံရလို့ သေကြနဲ့။ အသက်က ငွေထက် တန်ဖိုးရှိပါတယ်ကွာ။ မင်း စောင့်နေတုန်း ခြောက်ခြောက်သွေ့သွေ့ လုံလုံခြုံခြုံနဲ့ ဒီမှာပဲနေပါ့လား?)

ရှန်လျှံရှိန်က ပြန်မဖြေဘဲ၊ ခေါင်းခါပြသည်။ သူ စီးကရက်ကိုသာ တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့ပြီး၊ သူ့မျက်နှာကဖြူယော်နေကာ နွေရာသီအပူချိန်နဲ့မှမလိုက် သူ့လက်ချောင်းများက ရေခဲတမျှ အေးစက်နေခဲ့သည်။

Tientsinမြို့သည် ဆိပ်ကမ်းမြို့တော်စစ်စစ်တစ်ခု မဟုတ်သဖြင့်၊ လှေအရေအတွက်မှာ ထင်ထားသလောက် မများလှ။ Tientsinမြို့ကြီး ဒုက္ခရောက်နေချိန်တွင်၊ Peipingသည် အေးအေးဆေးဆေးထိုင်ကြည့်မနေသလို၊ ထိုင်လည်းမကြည့်နိုင်ခဲ့ပါ။ သူတို့သည် ကယ်ဆယ်ရေးအဖြစ် ဘောကွင်းများကိုတောင် လေထိုးပြီး၊ အလကားငှားလို့ရသော ရေပေါ်ပေါ်သည့် ပစ္စည်းမှန်သမျှကို Tientsinမြို့သို့ ပို့ပေးကြသည်။ နောက်ရက်တွင်၊ ရှန်လျှံရှိန်သည် ပထမဆုံးကယ်ဆယ်ရေးအဖွဲ့နှင့် Tientsinမြို့သို့ နေ့ခင်းပိုင်းလောက် ၀င်လာခဲ့ပြီး၊ သူစိတ်မှန်းထားသည်ထက် အခြေအနေဆိုးဝါးနေတာကို သူတွေ့သွားသည်။ ရေအတိမ်ဆုံးနေရာမှာ ရေက လူ့ခါးလောက် နက်ပြိး၊ အနက်ဆုံးနေရာမှာတော့ ခေါင်းတောင်ရေမြှပ်သည်။ ရှန်လျှံရှိန်သည် သူ့အဆက်အသွယ်ဖြင့်၊ ကမ်းဘရစ်ခ်ျလမ်းတစ်လျှောက်လုံး သူ့ကိုစောင့်ရှောက်ပေးကြသည်။ ပြေးတုန်းလွှားတုန်း ပစ္စည်းခိုးခံရမှာကြောက်လို့ဖြစ်နိုင်သည်..... လူနှစ်ယောက်ကို အလုပ်ပေးထားပြီး ရှန်လျှံရှိန့်ကိုယ်ပိုင်လှေဖြင့် ရှန့်ကိုတောင် သပ်သပ်စီးစေကာ၊ ထိုလူတို့က ကြင်ကြင်နာနာသတိပေးသည်။

( ကျေးဇူးပြုပြီး အန္တရာယ်ကင်းအောင်နေပါခင်ဗျ သခင်လေးရှန်)

ကမ်းဘရစ်ခ်ျလမ်းသည် အခုတော့ဖြင့် ကမ်းဘရစ်ခ်ျမြစ်ဖြစ်နေသော်လည်း၊ အိမ်က ရေအရင်းအမြစ်နှင့် ဝေးနေပြီး၊ အိမ်ဖိနပ်ခုံက အတော်လေးမြင့်လို့မို့ အိမ်အောက်ထပ်ကသာ အခြေအနေဆိုးနေသည်။ ပထမထပ်ကစိုနေပေမယ့်၊ အစေခံများက တံခါးများကိုပိတ်ဆို့ကာ ရေများကိုခပ်ထုတ်ထား၍ စိတ်ကျေနပ်စရာကောင်းဖွယ် အခြေအနေဖြစ်သည်။ ရှန်လျှံရှိန် အိမ်ပြန်ရောက်တဲ့အခါ၊ စကားတစ်လုံးမျှ မပြောခဲ့။ သူ ဒုတိယထပ်သို့ တန်းတန်းမတ်မတ်တက်သွားပြီး၊ သူ့တစ်ပိုင်တစ်နိုင် လုံခြုံရေးအတွက် သိမ်းထားခဲ့သောသေနတ်ကို အိပ်ခန်းထဲရှိအံဆွဲထဲကနေ ထုတ်ယူလိုက်သည်။ သူ့ဘောင်းဘီအိတ်ထဲ ထည့်ကာ၊ အောက်ကိုပြန်ဆင်းလာခဲ့ပြန်သည်။ နောက် သူလာတုန်းကလို အမြန်ပင်ပြန်ထွက်သွားကာ၊ အစေခံများအားလည်း သူ့ဦးတည်သွားရာအရပ်ကို မပြောခဲ့ပေ။

တကယ်တမ်းတော့ဖြင့်၊ သူ ချင်းချင်းကို ရှာပုံတော်ဖွင့်ရန်သွားသော်လည်း၊ ဘယ်နေရာ...စရှာရမလဲ မသိသလို၊ ကယ်ဆယ်ရေးအဖွဲ့ကိုလည်း သူနှင့်အတူ လှည့်ပတ်ရှာစေဖို့ သူ..မလုပ်နိုင်ပါ။ သို့သော်၊ အခု သူ ရှင်းလင်းသည့်အကြံရခဲ့ပြီ....ပထမဆုံး ချင်းချင်းအိမ်၊ နောက် ကျောင်း၊ ထို့နောက်မှ ကုန်းမြင့်နေရာများနှင့် ကယ်ဆယ်ရေးစခန်းဆီသို့။ ချင်းချင်းကို သူ..မတွေ့မချင်း၊ ဖြစ်နိုင်ချေရှိသည့် တစ်နေရာချင်းဆီကို တစ်နေရာမကျန် ရှန်သွားရှာပါတော့မည်။ လက်ရှိ ရှန်လျှံရှိန်လှော်ခတ်နေသည့်လှေသည် ပန်းခြံတုန်းက အပျော်စီးလှေလေးဖြစ်သည်။ လှေဦးထိပ်တွင် နံပါတ်တစ်ခုကို ဆေးအနီရောင်ဖြင့် ရေးခြယ်ထားသည်။ သိပ်မကြာသေးခင်ကမှ နံပါတ်ပြန်ရေးထားပုံပေါ်သည်။ ဆေးအနီသည် သွေးရောင်ကဲ့သို့ ၀င်းပနေ၏။ သူ စိတ်ငြိမ်ပြီး၊ သူ့လက်မောင်းများ လုံးဝတုန်ရီမနေဘူးလို့ ရှန်လျှံရှိန်ခံစားရသည်။ ချင်းချင်းနှင့်အတူ လှေလှော်ခဲ့တုန်းကအချိန်ကိုတောင် သူပြန်အမှတ်ရမိသေးသည်။ ချင်းချင်က ရေထဲမှာငါးရှိတယ်ဆိုပြီး သူ့ကိုဖြီးခဲ့တယ်လေ။ သို့ပေမယ့် ရှန်လျှံရှိန်က သူ့လက်ကိုကိုင်လိုက်တော့မှ ချင်းချင်းလေးငြိမ်သွားတဲ့ အကြောင်းတွေပေါ့။

အခု နေ့လည်မွန်းလွဲချိန်ဖြစ်သည်။ လွန်ခဲ့သောရက်သတ္တပတ်ပေါင်းများစွာက မိုးများရွာနေခဲ့သော်လည်း၊ အခုတော့ နေကထွက်နေလေရဲ့။ စူးရှတောက်လောင်နေသည့်နေရောင်သည် ရှန့်ကိုယ်ပေါ်တွင်မက ရေပေါ်ကိုပါကျရောက်နေသည်။ ကြက်သေအချို့ ကြောင်သေအချို့အပါအ၀င်၊ မြှပ်ချည်ပေါ်ချည် ဖြစ်နေသည့် အိမ်တိုင်အကျိုးအပဲ့များသည် ငြိမ်သက်နေသည့်ရေကို ညစ်ပတ်နေစေသည်။ ရှိသေးသည်။ လူသေတစ်လောင်းရောပဲ။ သို့ပေမယ့်၊ ရှန်လျှံရှိန်တစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြင့် ကောက်ချက်ချ လိုက်သည်မှာ--- ဒီအလောင်းက လောလောလတ်လတ်သေထားခြင်းမဟုတ်။ ရေဆန်တွင် ရေနစ်သေခဲ့သူသည် ရေစီးဖြင့်ပါလာသည်သာ အဖြစ်နိုင်ဆုံးဖြစ်သည်။ ရက်ပေါင်းများစွာ ရေ၀နေပြီးသည့်နောက် ရေမျက်နှာပြင်ပေါ်တွင် မြောနေတော့သည်။ ထိုအလောင်းက ဖောင်းကားနေသဖြင့်၊ ကျား/မ ခွဲခြား၍မရ။ အလောင်းသည် လမ်းဘေးတွင်လဲကျနေပြီး ရေပေါ်တွင်ပေါ်နေသည့် သစ်ပင်နှင့် ၀င်မတိုက်ခင်အထိ၊ အလောင်းကြီးက ဦးတည်ရာမဲ့မြောနေသည်။ အလောင်းကောင်သည် ရှေ့ဆက်သွားချင်ပါသော်လည်း သွားမရ။ အလောင်းတွင်ပူးကပ်နေသောဝိညာဉ်သည် ဘ၀သံသရာတွင် လူပြန်ဝင်စားနိုင်ရန်အတွက် ၄င်း၏အဖြစ်ဆိုးကြောင့် ပိုကောင်းသည့်နေရာကို ရှာချင်နေသယောင်ယောင်။ အလောင်းကြီးက အရမ်းအရမ်းကို တလူးလူးတလဲလဲဖြစ်နေရှုာသည်။ ချင်းချင်းတစ်ယောက်လည်းပဲ ရေစီးနှင့်မြောပါသွားလား မသွားလားဆိုသည်ကို ရှန်လျှံရှိန်..စဉ်းစားမကြည့်ချင်တာ သဘာဝကျပါ၏။ ရေးမကူးတတ်သောလူတစ်ယောက်သည် လှိုင်းပုတ်လိုက်လျှင် သေချာပေါက်ပြုတ်ကျသွားမှာပဲလေ။ အကယ်၍ သူ့နှာခေါင်းထဲရေ၀င်တာဖြစ်ဖြစ်၊ ခေါင်းမှာဒဏ်ရာရသွားရင်ဖြစ်ဖြစ် သူ..ထောက်ရာမှီရာ ရှာတွေ့တော့မှာမဟုတ်ပါ။ အဲ့ဒီနောက်မှာတော့၊ သူဟာ မြှပ်လိုက်ပေါ်လိုက်ဖြစ်နေမည့် အလောင်းကောင်ပေါ့။ ထိုအသက်မဲ့ခန္ဓာသည် ရေစီးကြောင်းတစ်လျှောက် ဘယ်ဆီဘယ်ဝယ် ရောက်မည်မသိနိုင်သောအရပ်အထိ ငြိမ်ငြိမ်လေးမြောလွင့်ကာ၊ နေရောင်အောက်တွင်ပုပ်ပွ.....

အဲ့ဒီလိုမျိုးအတွေးများကို ရှန်လျှံရှိန်မတွေးရဲပါ။ သို့တည်းတိုင်၊ သူ့စိတ်သည် နှစ်ခြမ်းကွဲသွားပုံပေါ်၏။ တစ်ခြမ်းက သူ့ကိုပြောနေသည်--- အဲ့အကြောင်းတွေ မတွေးနဲ့။ အဲ့အကြောင်းတွေ မတွေးနဲ့..ဟူ၍။ အခြားတစ်ခြမ်းကတော့ သူ့ကိုဆက်တိုက်သတိပေးနေသည်---- ဒါပေမယ့် မင်းတွေးထားရမှာပေါ့။ သူသေသွားရင် မင်းဘယ်နှယ့်လုပ်မလဲ? အကယ်၍ သူသာ..... ဒါပေမယ့် ချင်းချင်းသာသေသွားခဲ့လျှင်၊ နောက် ဘာဖြစ်မလဲ? သူ့ဦးနှောက်က နေရောင်ဖြင့် မီးကင်ထားခံရသလိုမျိုး ရှန်လျှံရှိန်ခံစားရသည်။ သူ့အသိစိတ်က ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ ချင်းချင်းအသက်နှင့် သက်ဆိုင်နေသောကြောင့် အဖြေကို သူ...မရှာရက်ပါ။ သူ့နောက်ကျောသည် နေအပူရှိန်ကြောင့် ချွေးများဖြင့် ရွှဲအိနေပြီ။ ဒါမှမဟုတ် ဒါဟာ ကြောက်စိတ်ကြောင့် ချွေးစေးပြန်တာများလား။ လှော်တက်ပေါ်က လက်အစုံသည် ရေခဲတမျှ အေးစက်နေဆဲဖြစ်ပြီး၊ ထိုလက်တို့သည် လှေလှော်ခြင်းကို ယန္နရားဆန်ဆန်လုပ်ဆောင်နေကြသည်။

မနေ့နေ့ခင်းပိုင်းက မြို့တော်ကိုရေလွှမ်းသွားခဲ့သည်။ သို့သော် တော်ချင်တတ်ချင်ယောင်ဆောင်နေသော အစိုးရသည် ကယ်ဆယ်ရေးတာဝန်ကောင်းကောင်းကို မစီစဉ်နိုင်ပါ။ ဘာကိုမှ အားကိုးစရာမရှိသည့်အတွက် သတ္တိကောင်းသောပြည်သူအချို့က ရေထဲခုန်ဆင်းပြီး လက်ပစ်ကူးကြသည်။ အဖုံးပွင့်နေသည့် မိတ္လာပိုက်များထဲ ဆွဲချခံရမှာကြောက်လို့သာ ရေကူးချင်ကူးမယ်၊ မဟုတ်လို့ကတော့ ငုံးစုံးပစ် ထိုင်စောင့်နေမည့် သွေးကြောင်သူများလည်း ရှိနေသည်။ ချင်းချင်းကဲ့သို့ ရေမကူးတတ်သူကတော့ ခေါင်မိုးပေါ်တွင်သာထိုင်နေနိုင်သည်။ ချင်းချင်းသည် ညကနေ ဒီနေ့အထိ ငုပ်တုပ်ကလေးထိုင်နေခဲ့ပြီး၊ တစ်မနက်လုံး သောက်ရေမရှိ၊ စားစရာမရှိနှင့် နေပူအောက်တွင် ရှိနေသည်။ သူ့နှုတ်ခမ်းများက ကွဲအက်နေကာ၊ သူ့ခေါင်းတွေ ချာချာလည်နေသည်။ သူ့ပတ်ပတ်လည်သည် ပင်လယ်ကြီးဖြစ်နေလေပြီ။ ခေါင်မိုးအားလုံးနီးနီး လူတွေကနေရာယူထားသည်။ အဖြစ်နိုင်ဆုံးမှာ၊ မိသားစုတစ်စုမှ ကလေးတစ်ယောက်သည် ရေများရိုက်ခတ်ချိန်တွင် အပြင်မှာကစားနေခဲ့ပြီး၊ ချက်ချင်းလက်ငင်းကြီး ပျောက်ဆုံးသွားတော့သည်။ ဖခင်ဖြစ်သူက ကလေးကိုရေကူးပြီး ထွက်ရှာနေချိန်တွင်၊ မိခင်ဖြစ်သူက ခေါင်မိုးပေါ်တွင်နေရစ်ပြီး ငိုယိုနေသည်။

ထိုအမျိုးသမီးကြီးက ထပ်ငိုဖို့မျက်ရည်ကုန်သည်အထိ တရှုံ့ရှုံ့ငိုနေသံများကို နားထောင်ရင်း ချင်းချင်းတစ်ယောက် မနေ့က တစ်ညတာကို ကုန်ဆုံးခဲ့သည်။ ချင်းချင်းသည် သူ့ဘေးပတ်ဝန်းကျင်က ညိုညစ်နေသောရေတွေကို ကြည့်ကာ ဘာလုပ်ရမှန်းလည်း မသိဖြစ်နေ၏။ နောက်တစ်ခု သူသိလိုက်သည်က၊ လူတစ်ယောက်သည် ခေါင်းနဲ့နံရံကိုပြေးဆောင့်နေသလိုမျိုး စည်းချက်ညီသည့် တဒုန်းဒုန်းအသံသာဖြစ်သည်။ ကြောက်ရွံ့မှုတွေ၊ ပူပန်မှုတွေနှင့် တစ်ညတာကိုဖြတ်သန်းပြီးသည့်နောက်၊ ချင်းချင်းခေါင်းက သိပ်မကြည်လင်တော့။ တစ်ယောက်ယောက်က အသက်ကို အဆုံးစီရင်ဖို့ ကြိုးစားနေသည်ဟု ချင်းချင်းတွေးမိ၍၊ ဒူးထောက်ထိုင်ချကာ ခေါင်မိုးအစွန်းကနေ ငုံ့ကြည့်သည်။

သူ..လူတစ်ယောက်ကိုတွေ့သည်...ဟင့်အင် အဲ့ဒါလူမဟုတ်...တနေရာရာကနေ ဒီကိုမြောပါလာသော အခေါင်းကြီးတစ်ခုပါ။ ရေဆန်ဘက်ရှိသင်္ချိုင်းကပါလာတာ ဖြစ်ကောင်းဖြစ်မည်။ လူသေကြီးကို သယ်လာသော လှေသဖွယ်၊ အခေါင်းကြီးဟာ နံရံကမတားမချင်းမြောပါနေခဲ့ပြီးမှ၊ နံရံနှင့် ၀င်တိုက်နေခြင်းဖြစ်သည်။ သေမင်းခေါ်သံကြီးလိုမျိုး ကလွမ်-ကလွမ်-ကလွမ် မြည်နေသည်။ ချင်းချင်းက ခေါင်းမော့ကြည့်လိုက်ချိန်၊ သူ ရှန်လျှံရှိန့်ကိုမြင်သည်။ ထားပါလေ....သူ့မျက်မှန်က ဟိုးကတည်းက ရေထဲကျသွားခဲ့လို့ သူ့အမြင်အာရုံတွေေ၀၀ါးနေပါပြီ။ သို့သော်လည်း၊ လှေငယ်လေးတစ်စင်း သူ့ဆီဦးတည်လာနေခိုက် ချင်းချင်းတစ်ယောက် တစ်နည်းနည်းဖြင့်သိလိုက်ပါသည်...အဲ့ဒါက ရှန်လျှံရှိန် ဆိုတာကိုပါ။

သူ ထရပ်လိုက်ပေမယ့် ငုပ်တုပ်ထိုင်နေခဲ့၍ ခြေထောက်ကျင်နေသောကြောင့် ခြေချစရာခပ်မာမာအရာကို မတွေ့ခင် ပြန်ပြုတ်ကျသွားသည်။ ကျွမ်းကျင်မှုမရှိစွာဖြင့်၊ အနီးအနားက အုတ်ကြွတ်မိုးပြားကို သူကိုင်ထားခဲ့သော်လည်း အတင်းကြီး အားစိုက်ထားခဲ့မိသည်။ အုတ်ကြွပ်မိုးပြားက သူ့လက်ဖ၀ါးပေါ် ကွဲရှရာအရှည်ကြီးဖြတ်ပစ်လိုက်သည်။ သွေးများ ဖြန်းခနဲ ပန်းထွက်သွားပေမယ့်၊ ချင်းချင်းတစ်ယောက် နာကျင်မှုကို တစိုးတစိမျှမခံစားရ။ ရှန်လျှံရှိန်က မျက်စိကောင်းကောင်းဖြင့် အဝေးကနေ ချင်းချင်းကို လှမ်းမြင်သည်။ ချင်းချင်းက ခေါင်မိုးပေါ်တွင် ဒယီးဒယိုင်လှုပ်ရှားနေသည်ကို သိတော့မှ၊ ရှန့်ပူပန်မှုများ သက်သာရာရသွားတော့သည်။ တစ်ယောက်သောသူကို တွေ့ပါပြီဆိုတာတောင် စိတ်ပူခြင်းက တဖန်ကြီးစိုးလာသည့်အတွက်၊ ရှန်လျှံရှိန်က လှော်ခတ်မှုကိုအရှိန်တင်လိုက်သည်။ ထိုအိမ်ဆီ သူရောက်သည်နှင့်၊ သူ့လက်ဆန့်ထုတ်ကာ အက်ကွဲကွဲအသံဖြင့် လှမ်းအော်သည်။

( လာ..ကိုယ် ညီ့ကိုလှမ်းဖမ်းလိုက်မယ်)

ဤနေရာရှိရေမျက်နှာပြင်သည် အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ထက်ပိုမြင့်ပြီး၊ လှေသည် ခေါင်မိုးနှင့် သိပ်မလှမ်း။ တကယ်တမ်း ခုန်ပြီးတက်စရာမလိုဘဲ၊ ချင်းချင်းသည် အနည်းနှင့်အများဆိုသလို ရှန်လျှံရှိန့်ရင်ခွင်ထဲ ဆွဲချခံလိုက်ရ၏။ ချင်းချင်းတစ်ယောက် ဟန်ချက်ထိန်းနိုင်ရုံရှိသေး... ရှန်လျှံရှိန်က ရုတ်တရက် ရှေ့တိုးပြီး ချင်းချင်းကိုဆွဲကာ၊ နှစ်ဦးသားစလုံး ဒူးထောက်ထိုင်ချလိုက်သည်။

( ရှန်.....)

မျက်နှာချင်းအပ်ကာ ဒူးထောက်ထားရင်း၊ ချင်းချင်းတစ်ယောက် ရှန်လျှံရှိန်၏ တင်းကြပ်ကြပ် အပွေ့အဖက်ထဲတွင် နစ်မြှပ်နေခဲ့ပြီ။ ချင်းချင်းသည် တစ်ယောက်သောသူ၏နာမည်ကို ခေါ်ကာရှိသေး... သူ့လည်တိုင်တွင် ပူနွေးနွေးစွတ်စိုမှုကို ခံစားလိုက်ရတော့ ကျန်စကားလုံးများက နှုတ်ဖျားတွင် ရပ်တန့်သွားကြသည်။ ရှန်လျှံရှိန်က အသံတိုးတိတ်စွာ ငိုနေခဲ့သည်။ ချင်းချင်းကို သူ.. တင်းတင်းဖက်ထားသည်။ တင်းကြပ်လွန်းလို့များလား...ရှန်လျှံရှိန် တုန်ရီနေလေသည်။ ချင်းချင်းသည်လည်း တစ်ယောက်သောသူကို ပြန်ဖက်ထားလိုက်ပြီး၊ သူ့သွေးတို့ကြောင့် ထိုအမျိုးသား၏အင်္ကျီ စွန်းပေသွားသည်ကို သူကြည့်နေမိသည်။ ရှန်လျှံရှိန့်နောက်ကျောပေါ်က စွတ်စိုနေသည့်ရှပ်အင်္ကျီနဲ့ ချင်းချင်းလက်ဖ၀ါး ထိလိုက်သောအချိန်ကျမှ၊ နာကျင်မှုကို ချင်းချင်းခံစားရတော့သည်။ ထိုနာကျင်မှုသည် သူ့နှလုံးသားထဲထိရောက်လာပြီး၊ သူ့ကိုလည်း ငိုချင်လာစေသည်။

ချင်းချင်းလည်တိုင်ဆီ မျက်နှာဝှက်ထားသည့် ရှန်လျှံရှိန်သည် မကြာမှီသတိပြန်ဝင်လာခဲ့သည်။ သို့သော် ချင်းချင်းကို လွှတ်မပေးသေးဘဲ၊ တခဏလောက် ဆက်ပွေ့ထားလေသည်။ ချင်းချင်းလက်ကောက်ဝတ်ကို သူဖမ်းကိုင်လိုက်တော့၊ လက်ဖ၀ါးပေါ်က ကွဲရှရာကို တွေ့သွားသည်။ သူ ဒဏ်ရာကိုကိုင်ကြည့်ချင်ပေမယ့်၊ မ၀ံ့။

( နည်းနည်းလေး ရှသွားတာပါ။ ကျွန်တော် အဆင်ပြေပါတယ်) ချင်းချင်းက သူ့ကိုအမြန်ပြောလိုက်တော့၊ ချင်းချင်းအသံက ရှတတဖြစ်နေ၏။

( အခြားဘယ်နေရာ ထိမိသေးလဲ ညီ?)

( ဟင့်အင်၊ ကျွန်တော် အားလုံးကောင်းတယ်။ ကိုကိုရော.....)

( ချင်းချင်းရယ်...)

ရှန်လျှံရှိန့်မျက်နှာပေါ်တွင် မျက်ရည်အရိပ်အယောင်မရှိသော်လည်း၊ မျက်လုံးတို့ကတော့ နီရဲနေဆဲ။ ကူရာမဲ့ခြင်းကို ကန့်သတ်ထားသော ထိရှခံစားလွယ်ခြင်း၏အမူအရာကို ချင်းချင်းတစ်ယောက် ယခင်က ရှန့်မျက်နှာပေါ်တွင် တခါမှမမြင်ဖူးခဲ့ပါ။ ရှန်လျှံရှိန် ထပ်ပြောသည်ကို ချင်းချင်းကြားသည်။

( ညီ ကိုယ်နဲ့လိုက်ခဲ့ပါကွာ၊ ကိုယ်..ညီ့ကို တောင်းပန်ပါတယ်၊ အင်္ဂလန်ဖြစ်ဖြစ် အမေရိကန်ဖြစ်ဖြစ်။ ညီသွားချင်တဲ့နေရာကို ကိုယ်တို့သွားကြမယ်လေ..နော်?)

ထိုစကားသည် ချင်းချင်းအား လုံးဝဥဿုံ မှင်သက်သွားစေသည်။

ဤနိုင်ငံမှထွက်သွားမည့်အစီအစဉ်အကြောင်းကို ရှန်လျှံရှိန်က သူ့ကိုတစ်ခါမှမပြောခဲ့ဖူးပါ။ သို့သော် ဒါကိုသူအံ့သြတာမဟုတ်။ သူအံ့သြသည်က *တောင်းပန်ပါတယ်* ဆိုသည့်စကားလုံးဖြစ်သည်။ ထိုအမျိုးသားနှင့် သူ့အချိန်များကိုကုန်ဆုံးခဲ့တာတောင်၊ ထိုအမျိုးသားသည် တစ်ခုခုအတွက် တစ်ယောက်ယောက်ကို တောင်းပန်သည်ဆိုတာ ချင်းချင်းမကြားဖူးခဲ့ချေ။ *တောင်းပန်ပါတယ်* ဆိုတဲ့စကားကို အခုသူကြားရတော့၊ ထိုစကားသည် ဓားတစ်ချောင်းအလား သူ့နှလုံးအိမ်ကို ထိုးစိုက်နေသည်။ ဓားရိုးသည် ထိုးထွက်နေပြီး သွေးအိုင်ထဲတွင်ဓားသွားကနစ်သွားတော့၊ နာကျင်မှုနှင့်အတူ (ဟုတ်) ဆိုသည့်အဖြေသည်လည်း ချင်းချင်းနှုတ်ခမ်းဖျားများက လွတ်ထွက်သွားလုခါနီးဖြစ်ခဲ့သည်။

( ရှန်လျှံရှိန်......)

ချင်းချင်းသည် သူ့မျက်စိရှေ့တွင် ဒူးထောက်နေသည့်အမျိုးသားကို ကြောင်တောင်တောင် စိုက်ကြည့်နေပြီးသည့်နောက်၊ အဆုံးရှိပုံမပေါ်သော ဘေးပတ်ပတ်လည်မှ ရေပြင်ဆီ အကြည့်လွှဲလိုက်သည်။ စစ်ပွဲ၊ သဘာဝဘေးအန္တရာယ်၊ တစ်ခုပြီးတစ်ခုလာနေသော အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်စေသည့်အဖြစ်အပျက်များ---ဒါဟာ ကမ္ဘာမြေကြီးသည် တကယ့်ကို သူ့ဖာသာသူ ကွဲအက်သွားပြီး ကုန်းမြေက ပင်လယ်ထဲနစ်ဝင်သွားသကဲ့သို့ ပမာနှိုင်းလို့ရပြီ။ အတွေးအခေါ်သမားတို့က အသုံးမကျဆုံးလူများလို့ ပြောကြသည်။ အဲ့ဒါအမှန်ပါပဲ၊ ချင်းချင်းသည် ဆရာတစ်ယောက်အနေဖြင့် သူလုပ်နိုင်သည့်အရာက အကန့်အသတ်ရှိသည်လေ။ ဒါတောင် ဒီလိုတောင်းဆိုမှုနှင့် သူရင်ဆိုင်ရတော့၊ ဒီမြေကိုမစွန့်ခွာနိုင်မှန်း သူသိသည်။

( ရှန်လျှံရှိန်...ကျွန်တော်မလိုက်နိုင်ဘူး) ငြိမ်းချမ်းနေလျှင် သူလိုက်ကောင်းလိုက်နိုင်လိမ့်မည်။ သို့သော် ၀မ်းနည်းစရာကောင်းစွာဖြင့်၊ အခုချိန်က မငြိမ်းချမ်းဘူးလေ။ မငြိမ်းချမ်းမှတော့ ချင်းချင်းလည်း အပြီးအပြတ် ထွက်ခွာမသွားနိုင်ပါဘူး။ သူက အသုံးမ၀င်တဲ့လူဖြစ်နေလျှင်တောင်၊ ပြီးတော့ သူလုပ်ပေးနိုင်သည့်အရာ တစ်ခုမှမရှိတောင် သူလုပ်ချင်သည့် နောက်ဆုံးအရာလေးတစ်ခုရှိနေသေးသည်။ ဆိုရိုးစကားရှိသည်က*ကျွန်ုပ်အမိမြေသည် ကျွန်တော့်အသက်နှင့် စားစရာကိုပေးခဲ့ပြီး ကျွန်ုပ်က တဖန် အမိနိုင်ငံတော်နှင့်အတူနေ၍ အတူသေမည်*။

( ဒါပေမယ့် ကိုကိုကသွားသင့်ပါတယ်...ကိုကိုသွားပါ...ကျွန်တော်က....)
ဤအချိန်မှာတော့----- **ကိုကို့ကို ကျွန်တော်ချစ်တယ်။ ကျွန်တော် လိုက်တော့မလိုက်နိုင်ဘူး။ ဒါပေမယ့် ကိုကို့ကို ကျွန်တော်ချစ်နေမယ်။ ကျွန်တော့်တစ်ဘ၀လုံး ကိုကိုတစ်ယောက်တည်းကိုပဲချစ်နေမယ်။ ကိုကို ဘယ်နေရာပဲရောက်နေပါစေ..... ကျွန်တော် ဘယ်နေရာမှာပဲရှိနေပါစေ...ကိုကို့ကို ကျွန်တော်အသက်ရှင်နေသရွေ့ သတိရနေမယ်။ ကိုကို့ကို ထာဝရ အမြဲတမ်း လွမ်းနေမှာပါ ကိုကိုရယ်** လို့ ထိုအမျိုးသားကို ချင်းချင်းပြောချင်နေသည်။ သို့ပေမယ့်၊ သူ..မပြောနိုင်ခဲ့ပေ။ သူ ထိုအမျိုးသားနှင့်အတူ ထွက်မသွားနိုင်သဖြင့်၊ ဒီစကားများကိုပြောခြင်းက ရှန့်၏အနာစိမ်းကို ဆားနှင့်ပတ်သလိုသာဖြစ်လိမ့်မည်။

သူ စကားမပြောခဲ့သော်ငြား၊ ရင်ဘတ်ထဲကဓားက စလှုပ်လာချေပြီ။ ခေါင်းစခြေဆုံး၊ ထိုဓားသည် ချင်းချင်းခန္ဓာကိုယ်အနှံ့ နေရာလပ်မကျန် စုတ်ဖြဲနေသည်က သွေးအလိမ်းလိမ်းဖြင့် သူ့ကိုယ်က နှစ်ခြမ်းကွဲသွားသည်အထိပင်။ အရင်ကတော့ တခါမှဒီလိုမတွေးခဲ့ဖူးပါ----ချင်းချင်း အမှန်တကယ့်ကို နှစ်ကိုယ်ခွဲလိုက်ချင်သည်။ ဒါမှ တစ်ကိုယ်က အမိမြေတွင်နေရစ်ခဲ့ပြီး၊ ကျန်တစ်ကိုယ်က တစ်ယောက်သောသူနှင့်လိုက်သွားနိုင်အောင်လို့လေ။

( ကိုယ်သွားသင့်တယ်လို့ ညီပြောတယ်နော် ဟုတ်လား.....) ချင်းချင်းကဲ့သို့ ရှန်လျှံရှိန်သည်လည်း ဒူးထောက်ထိုင်လျက်၊ တွေဝေမိန်းမောနေခဲ့သည်။ မိနစ်ပေါင်းများစွာကြာပြီးတော့မှ၊ သူကိုယ်တိုင် အဖြေကိုမသိသလိုမျိုး၊ စိတ်ရှုပ်နေသည့်လေသံဖြင့် သူမေးလိုက်သည်။ ( ဒါပေမယ့် ညီက ဒီနိုင်ငံမှာလေ....ကိုယ့်ကိုဘယ်မှာရှိနေဖို့ ညီက မျှော်လင့်နေရတာလဲဟင်?)

End of chapter 22 Till Death Do Us Apart

Till Death Do Us Apart (သေခြင်းခွဲသည့်တိုင်)Where stories live. Discover now