Zawgyi 👇
"ရပြီမာန ငါ့ဘာသာပဲပြန်တော့မယ်"
"အင်း ပြီးရောလေ "
ပြုံးစိစိမျက်နှာကိုမမြင်ချင်တော့တာမို့ မာနကပဲအရင်ကျောခိုင်းလိုက်သည်။ ပြီးနောက်စဉ်းစားမရဖြစ်နေသည်။ ဒီကောင်ဘာဖြစ်နေတာလဲ ။ အခုတလောကိုမင်းမြတ်အကြောင်းတွေ ခဏခဏပြောသလိုပဲ ။ အခုလည်း ကိညမင်းမြတ်နဲ့ ခဏလေးတွေ့တာကို မျက်နှာက ဘယ်လိုတောင်ပိုးထိုးနေရတာလဲ ။ နောက်ပြီ သူ့ထမင်းချိုင့်ကို ကိုမင်းမြတ်ကိုကျွေးတာလား ။ ဒါဆိုမနက်က ထမင်းချိုင့်ပါခဲ့ပြီးမှ ကိုမင်းမြတ်ကိုပေးခဲ့တာပေါ့ ။ စဉ်းတော့စဉ်းစားစရာပဲ ။ ကိုမင်းမြတ်က ချောပေမယ့် အဲ့လောက်ခင်ဖို့ကောင်းနေလို့လား ။ အမှန်ကို အဲ့ထမင်းချိုင့်က သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ သူ့ကိုကျွေးရမှာလေ ။ သူကပုစွန်ဆို သေလောက်အောင်ကြိုက်တာ ဒီကောင်သိနေတာပဲကို။ တောက်ကွာ! မစားလိုက်ရတဲ့ပုစွန်လေး နှမျောလိုက်တာ ။
မစားလိုက်ရတဲ့ပုစွန်တွေကို မြင်ယောင်ရင်း သွားရည်တမျှမျှနဲ့ အိမ်ထဲဝင်တော့ အိမ်ရှေ့တွင်အမေနှင့်ဆုံသည်။
"အငယ်ကောင် နင့်အမကိုသွားခေါ်ပေးစမ်းပါဦး ဘာတွေလုပ်နေလို့ ဒီလောက်တောင်ကြာတာတုန်း"
"ဆွဲခြင်းနဲ့လား ဘယ်သွားဖို့လဲ အမေ "
"ဈေးလေ ဈေး ....နင့်အမလှအိုးကွဲကိုလိုက်ပို့ခိုင်းတာ သူ့ဘာသာပြင်လို့ကိုမပြီးဘူး တကထည်းမှာပဲ"
"ဈေးဆိုရင် သားအတွက်ပုစွန်ဝယ်ခဲ့ပေးဦး"
"သြော် အေးပါ ပုစွန်သရဲရယ် ... နင့်အမတော်ကိုသာ ရအောင်သွားခေါ်ခဲ့ပါဦး"
"ဟုတ် ... ဟုတ် ခေါ်ပေးမယ် ခဏပဲစောင့်"
အပေါ်ထပ်ကိုမြန်မြန်တက်ကာ ပိတ်ထားသော အမတော်ရဲ့အခန်းတံခါးကိုခေါက်ရသည်။
"မယု ... မယုရေ ... ကြွချီလာပါတော့လို့ မယ်တော်ဘုရားက အမိန့်တော်ပါးလိုက်ကြောင်းပါ ။"
ထိုစဉ်အခန်းတံခါးဖွင့်လာတာကြောင့် မာနရဲ့လက်နှစ်ဖက်ကို ဝမ်းဗိုက်နားမှာကပ်ကာ ခါးကိုကိုင်းပြီး ကိုရီးယားကားထဲက တော်ဝင်မင်းသမီးတွေကိုခစားသကဲ့သို့ ဟန်ပန်လုပ်လိုက်လေသည်။ တံခါးဖွင့်တာနဲ့ ရေမွှေးနံ့ ခပ်သင်းသင်းကဆီးကြိုတာကြောင့် အမဖြစ်သူရဲ့မျက်နှာကို မော့ကြည့်လိုက်မိသည်။