သနားငဲ့ညှာခြင်းက ငါနဲ့မင်းအတွက် ဆုံဖို့ကံတရားလား
🥀
ဒီနေ့ဟာ အကိုနားခိုင်းတာ တပတ်ပြည့်တဲ့နေ့။ မျက်လုံးနှစ်လုံးစပွင့်ကတည်းက စိတ်အစဥ်ဟာ ကြည်ကြည်လင်လင်ရှိမနေလိုက်တာ။ အရင်လို နေလုံးကြီးစင်စင်ထွက်မှနိုးတာမျိုးမဟုတ်ဘဲ မြူတွေအုံ့စိုင်းနေချိန် ခန့်မှန်းခြေလေးနာရီလောက်ကတည်းက နိုးနေမိတယ်။ အိပ်မက်ထဲကအော်သံတွေကြောင့် လူကစိတ်မကြည်တာမို့ ကိုယ်လက်မသန့်စင်ခင်ကတည်းက ရေချိုးဇလုံထဲတန်းစိမ်ပစ်လိုက်တာ။
အင်း ကြိုက်တယ် ကြိုက်တယ် တကယ်ကိုကြိုက်တာ။ အုံ့မှိုင်းမှိုင်းပတ်ဝန်းကျင်မှာ သဘောကျရတဲ့ ပန်းပင်တွေ၊ သစ်ပင်တွေ၊ မြက်ခင်းတွေ၊ ခုံတန်းတွေ နောက်ပြီး နှစ်သက်လွန်းရပါတဲ့ လသာဆောင်လေး၊ ကူးခတ်နေကျ ရေပြင်ကျယ်ကျယ်ရှိလှတဲ့ ရေကန်လေး . . . .
ဒါကိုမှ ဤအရာလေးတွေအပေါ် ဖြတ်ပြေးသွားတဲ့ မြူတွေကို မှန်ပြတင်းကနေတဆင့် ရေစိမ်ရင်းကြည့်ရတာက တကယ့်ရသ။
မျက်လုံးအစုံကိုမှေးဆင်းလိုက်တော့ ညကအိပ်မက်ကို သွားသတိရမိ၏။ အော်သံတွေ အော်သံတွေ အော်သံတွေ။ ဒီအော်သံတွေဟာ မိန်းကလေးတစ်ယောက်ရဲ့အော်သံတွေ။ နောက်ဆုံး စူးခနဲအော်သံတချက်မှာတင်လန့်နိုးသွားခဲ့တာမို့ ဘာဆိုဘာမှမသိခဲ့ရတာကိုပြန်တွေးရင်း တနုံ့နုံ့နဲ့မကျေနပ်နိုင်။ မိန်းကလေးအော်သံဆိုပေမယ့်လည်း သူမမှာမိန်းကလေးသူငယ်ချင်းမပြောနဲ့ တွေ့ရင်ပြုံးပြနှုတ်ဆက်စရာ အသိမိတ်ဆွေကိုပင်မရှိ။ ဒါကြောင့်လည်း ပိုပြီးစိတ်တိုမိလေရဲ့။
'ကလင် ကလင်' ဆိုသည့်ဘဲလ်သံကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ မှာထားတဲ့မနက်စာကိုလာပို့ပေးကြတဲ့ maids တွေ။ ဘေးနားကစဉ်ပေါ်တင်ပေးထားတဲ့ပန်းကန်ပြားပေါ်က အသားချောင်းတွေရဲ့အောက်မှာရှိတဲ့ ပေါင်မုန့်တချပ်ကို အရင်ဆွဲယူလိုက်ပြီး တကိုက်ကိုက်လိုက်သည်။
စိမ်ထားတဲ့ရေချိုးဇလုံထဲမှ ညာဘက်ခြေထောက်ကိုအပေါ်မြှောက်တင်လိုက်တော့ ယောက်ျားတစ်ယောက်ရဲ့မာနတို့စုစည်းရာ ဖြူနုနုခြေဖျားထိပ်ကနေ သွယ်လျလျပေါင်တံတလျှောက် လျှောကနဲ လျှောကနဲ စီးကျလာတဲ့ရေစက်တွေက ရေချိုးဇလုံထဲ စီတန်းဝင်ကုန်သည်။ မြှောက်တင်ထားတဲ့ခြေထောက်လေးကို ရေထဲပြန်စိမ်လိုက်ပြီး ပေါင်မုန့်ကိုနောက်တကိုက် ထပ်ကိုက်လိုက်သည်။