ဒေါသအလျောက်ခံပြင်းစိတ်ကို ထိန်းချုပ်လို့မရဘူး ။
🥀
"ဟာ . . စိတ်တိုလိုက်တာ!"
တွေးရင်းတွေးရင်း စိတ်တိုလာသည်မို့ ဗီရိုထဲကထုတ်လာသည့် လက်ထဲကအင်္ကျီအား ရောက်တတ်ရာရာ လွှင့်ထုတ်ပစ်လိုက်သည်။ အခြေအနေတွေကို နားမလည်နိုင်တဲ့ သူမရဲ့အင်္ကျီလေးကတော့ အခန်းထောင့်ရဲ့ချောင်လေးမှာ လွှင့်ပစ်ထားသည့်အတိုင်းလေးပုံနေလေရဲ့။
"ငါ အဲ့ဒီကိုသွားတာ ငါ့ကိုအထင်သေးထားတဲ့ကိစ္စကိုရှင်းမလို့လေ။ ဘာမှတောင်မလုပ်ရသေးဘူး အခုကြည့်! အထုပ်တွေပြင်နေရပြီ ကိုငနွားရဲ့"
အံတကြိတ်ကြိတ်ဖြင့် ခရီးဆောင်အိတ်ထဲ အဝတ်တွေကိုဖရိုဖရဲထိုးထည့်နေသည့်သူမက ပါးစပ်ကနေလည်း ပွစိပွစိပြောနေနိုင်သေးသည်။ ကိုယ့်ကိုယ်ကိုမစောင့်ရှောက်နိုင်သေးဘူး ဆိုပြီး သူမအပေါ်ထားသည့် အကို့ရဲ့အထင်သေးမှုများက ရုံးခန်းကအချေအတင်စကားဝိုင်းလောက်နဲ့တင် မလုံလောက်သေးပါ။ တခုခုပဲဖြစ်ဖြစ် အကိုစိတ်ခုသွားအောင် သူမကြိုးပမ်းရမည်။
"ဟုတ်တယ်။ အကို့ကို တနည်းနည်းနဲ့ပညာပေးဖြစ်အောင်ကိုပေးရမယ်"
"ချယ်ယောင်းရေ.."
သူမရဲ့ခပ်တိုးတိုးသန္နိဌာန်နောက်မှာ ကင်မ်ယုံဆန်းက လိုတာထက်ပိုပြီးနှိမ့်ချတဲ့အသံနဲ့ သူမရဲ့နာမည်ကို ယဉ်ကျေးစွာခေါ်ဆိုပြီး အပြင်ကနေ ခပ်ဖွဖွတံခါးခေါက်လာသည်။
"မသာအိမ်တောင် မရောက်သေးဘူး လူကသေချင်စော်နံလာပြီ။ ဝင်ခဲ့! "
သူမနာမည်ကို မရဲတရဲခေါ်ဆိုခဲ့တဲ့ ကင်မ်ယုံဆန်းဟာ အခုလည်း ခပ်ကုပ်ကုပ်ဖြင့် အခန်းထဲဝင်လာသည်။
"အကို လွှတ်လိုက်တာလား?"
"အင်း"
ဆက်ပြောစရာအကြောင်းရယ်လို့ ထွေထွေထူးထူးရှိမနေသည့်သူမတို့ကြား တိတ်ဆိတ်သွားသည်။ အဲလိုကျတော့လည်း နှစ်ယောက်သားနေရခက်နေပြန်သည်။
" ဟို . . "
"ဘာမှမပြောနဲ့ အဝတ်တွေသာထည့်ပေး"