<Unicode>
မိုးသံတွေကိုမုန်းလိုက်တာ။ သူတို့ကြောင့် ကိုယ်ခေါ်နေတာကို မင်းမကြားနိုင်တာမဟုတ်လား။ ပြတင်းတံခါးက အေးစက်စက် သံတိုင်တွေကြားကနေဝင်လာနေတဲ့ လျှပ်စီးရောင်တွေကလည်းတစ်လက်လက်နဲ့။ ဒုက္ခပါပဲ......မင်းသိပ်ကြောက်နေတော့မယ်ထင်တယ်.....။
"ကျစ်!"
အရင်လိုနေပါတယ်ဆိုကာမှ လူကစိတ်သွားတိုင်း ကိုယ်မပါနိုင်။ ကုတင်တိုင်နဲ့တွဲချည်ခံထားရတဲ့ လက်ကောက်ဝတ်က လက်ထိပ်တွေက မသတီစရာ။ ခပ်ကြမ်းကြမ်း ရုန်းလိုက်တဲ့အကြိမ်တိုင်း နီရဲရဲအစင်းရာတစ်ခုက ဖြူဖွေးဖွေးလက်ကောက်ဝတ်မှာအထင်းသား။ ဒါတွေက ဘာအရေးလဲ။ သူ ရိပေါ်လေးဆီသွားဖို့လိုတယ်။ ရိပေါ်က..... ရိပေါ်က သူ့ကိုမျှော်နေတော့မှာ......။ ခဏစောင့်နော်..... ကလေး။
"အား!!!!!"
နံရံဖြူလွလွက အနီရောင်တွေစွန်းထင်းသွားတယ်။ နဖူးပြင်ထက်ကစီးကျလာတဲ့ စေးပျစ်ပျစ်အရာတွေက သူရဲ့အမြင်တွေကို ဝေဝါးလာစေတယ်။ အားမလိုအားမရမှုတွေနဲ့ မွန်းကြပ်မှုတွေက အတိုင်းဆမရှိ။ ဝေးဝါးလာတဲ့အမြင်တွေနဲ့ သူ အသက်ရှုရခက်လာတယ်။ မဖြစ်ဘူး.....သူ.... ကလေးဆီသွားရအုံးမယ်။
အားတင်းလို့ လှမ်းလိုက်ပေမဲ့ ခြေလှမ်းတွေကမရွေ့နိုင်သလိုပင်။ ချာချာလည်နေတဲ့ ဦးခေါင်းကို ရှောင်ကျန့် ခပ်နာနာထုရိုက်မိတယ်။ ခြေသံတွေ.....သူ့ဆီလာနေတဲ့ ခြေသံတွေ။ အားယူကာကြည့်လိုက်တော့ မှုန်ဝါးဝါးမြင်ကွင်းထဲမှာ အဖြူရောင်ကုဒ်အင်္ကျီတွေနဲ့ လူတစ်ချို့က သူ့အနားတိုးကပ်လာနေကြတယ်။
"မ...လာနဲ့!!....ငါ့....အနားမလာနဲ့!!!"
အနီးနားကပ်လာသမျှကို တွန်းဖယ်ပစ်နေတဲ့သူ့လက်တွေက သန်မာတဲ့ဖမ်းချုပ်မှုတွေအောက်မှာရှုံးနိမ့်သွားတယ်။ ခန္ဓာကိုယ်ထဲစိုက်ဝင်လာတဲ့ အရာတစ်ခု။ နာမည်တစ်ခုကိုတိုးဖွဖွရေရွတ်ရုံကလွဲလို့ သူ့တစ်ကိုယ်လုံးက လှုပ်မရတော့။ လေးလံလာတဲ့မျက်ခွံတွေကလည်းစိတ်ပျက်စရာ။ သူ့နာမည်ခေါ်သံတွေကို တိုးတစ်လှည့် ကျယ်တစ်လှည့် ကြားနေရသေးတယ်။ ဒါပေမဲ့ သူကြားချင်တဲ့အသံလေးတော့မပါဝင်ခဲ့.......။