Part-6

2.7K 366 16
                                    

Unicode Version

မနက်စာသွားဝယ်ရန် လွှတ်လိုက်သော ဇေယျာချမ်းမှာ ယခုထိရောက်မလာသေး၍ ရဝေချမ်းတစ်ယောက် စောစောစီးစီးဒေါသထွက်ရပြန်ပါသည်။

ကိုးနာရီထိုးလျှင် စာသင်ချိန်စတော့မည်ဖြစ်ရာ ယခုအချိန်အထိမှ ပြန်မလာသေးလျှင် စာသင်ချိန်တောက်လျှောက် ဗိုက်ဟောင်းလောင်းနှင့် နေရပေလိမ့်မည်။ ကိုယ်တိုင်သွားဝယ်လျှင်ပင် ဤမျှကြာမည်မထင်။ ဇေယျာချမ်းကို ယုံစားမိသည်မှာ တကယ်ကိုရူးလွန်းသည်။

စိတ်မရှည်စွာစောင့်ဆိုင်းပြီးနောက် ရှစ်နာရီခွဲအချိန်လောက်တွင် လက်ထဲမှာ အထုပ်တစ်ထုပ်ဆွဲကာ အိမ်ထဲသို့ မြောက်ကြွမြောက်ကြွဖြင့် ဝင်လာသောဇေယျာချမ်းကို တွေ့လိုက်ရတော့သည်။ ရဝေချမ်းလည်း အိမ်အပေါက်ဝတွင် မတ်တပ်ရပ်ကာ လက်ပိုက်လျက်သားဖြင့် သူ့ကိုမကျေမချမ်းစိုက်ကြည့်နေသည်။

ဇေယျာချမ်းကတော့ အပြစ်ကင်းစင်သည့်ရုပ်လေးဖြင့် ရဝေချမ်း၏ရှေ့တွင်ရပ်ကာ လက်ထဲကအထုပ်ကို လှမ်းပေးသည်။

“ရော့.. ဒန်ပေါက်နဲ့ ကျောက်ကျော”

“အစောကြီးကတည်းက ထွက်သွားတာ အခုမှပြန်လာရအောင် ဘယ်တွေသဝေထိုးနေတာလဲ”

လှမ်းပေးသောအထုပ်ကို ယူလိုက်ပြီး ဇေယျာချမ်းကို မကျေမနပ်ဖြင့်မေးသောအခါ ဇေယျာချမ်းကရယ်သည်။ သူ ထိုသို့ရယ်လျှင် မဟုတ်တာတစ်ခုခုလုပ်လာပြီမှန်း ရဝေချမ်းသိလိုက်သည်။ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်ပင်။

“တောင်ဘက်ပိုင်းက ဒေါ်လေးခင်ရဲ့သားလေ။ သိတယ်မလား။ ဒီနေ့အဲ့ဒီကလေးလေးရဲ့မွေးနေ့တဲ့။ စောစောစီးစီး ဒန်ပေါက်ကျွေးနေလို့ ဝင်စားနေတာနဲ့ ကြာသွားတာ”

ရဝေချမ်းမှာ ဇေယျာချမ်းပြောသောစကားကြောင့် ဇေယျာချမ်းကိုတစ်လှည့်၊ လက်ထဲကအထုပ်ကိုတစ်လှည့် ကြည့်ကာ ဆွံ့အနေမိသည်။

“ကြည့်မနေနဲ့။ မင်းတွေးနေတာဟုတ်တယ်”

“ဒါဆို ငါ့ပိုက်ဆံပြန်ပေး”

ရဝေချမ်းက လက်ဖြန့်ရင်း ပိုက်ဆံပြန်တောင်းသောအခါ ဇေယျာချမ်းက မတရားစွပ်စွဲခံလိုက်ရသလို အမူအရာမျိုးဖြင့် ပြန်ပြောလေသည်။

Falling In Love With the Most Admired PersonWhere stories live. Discover now