ပင်လယ်ကမ်းစပ် မြို့ဖြစ်တာနဲ့အညီ ကားလမ်းမနံဘေးကမြင်နိုင်တဲ့ လှိုင်းရေဖွေးဖွေးနဲ့ သောင်ပြင်ရေးရေးဟာ စပိန်နိုင်ငံ မာဘယ်လာမြို့ဟောင်းကို ခရီးသွားအမြောက်အမြား လာရောက်စေနိုင်တဲ့ အဓိကသော့ချက်ဖြစ်တယ်..
တိုက်ခတ်လာတဲ့ လေပြေတိုင်းမှာ ပါလာတဲ့ဆားငန်ရေရဲ့ ရနံ့ဟာ ရိပေါ်ကိုစိတ်ကြည်လင်စေတာမို့ အချိန်ပိုင်းအလုပ် အသွားအပြန်တိုင်းမှာ ပင်လယ်ကြီးနဲ့ အနီးကပ်ဆုံးက ကားလမ်းလေးကိုသာ အသုံးပြုတယ်..
မာဘယ်လာမြို့ဟောင်းရဲ့ ခပ်ကျဥ်းကျဥ်းလမ်းကလေးတွေပေါ်မှာ စားသောက်ဆိုင်တွေဆီက စားပွဲဝိုင်းတွေက အစီအရီနေရာယူတယ်..
ခရီးသွားအများစုဟာ ဆိုင်အတွင်းထဲမှာထက် လမ်းမထက်က စားပွဲလေးတွေမှာ စားရတာပိုနှစ်ခြိုက်ကြတယ်..
ဒါဟာလည်း မာဘယ်လာမြို့ဟောင်းရဲ့ အထင်ကရပြရုပ်တစ်ခုလို့ ဆိုနိုင်တယ်..ဖြေးဖြေးမှန်မှန် မောင်းနှင်လာတဲ့ အဝါရောင်စက်ဘီးလေးဟာ ဉီးတည်ရာဖြစ်တဲ့ ကော်ဖီဆိုင်လေးဆီ တရွေ့ရွေ့ချည်းကပ်တယ်..
ရိပေါ်ဟာ စပိန်နိုင်ငံကို Scholarship နဲ့ရောက်လာတဲ့ Transfer ကျောင်းသားတစ်ယောက်ဖြစ်တာမို့
ပညာရေးအတွက် အထောက်အပံ့ရပြီးသား..
ဒါကြောင့် စားဝတ်နေရေးအတွက် ငွေစုမိအောင် ဒီကော်ဖီဆိုင်လေးမှာ အချိန်ပိုင်းအလုပ်လုပ်တယ်..ဒီရောက်မှ ပေါင်းမိတဲ့သူငယ်ချင်း မားကို့စ်ရဲ့ဆိုင်မှာ ရတဲ့အချိန်လေး ဆိုင်ထိုင်ပေးရုံသာဖြစ်တာမို့ မပင်ပန်းလှ..
လူမျိုးခြားဖြစ်တဲ့ ရိပေါ်အတွက် ပေါင်းသင်းဆက်ဆံရေးနဲ့ ဘာသာစကားအလေ့အကျင့် ဖြစ်ဖို့ ဒီဆိုင်လေးက ကူညီတယ်..
မာဘယ်လာမြို့ဟောင်းရဲ့ဆိုင်ခန်းကလေးတွေဟာ တိုက်တန်းလျားလို အတွဲလိုက်တည်ရှိပြီး ထူးခြားတဲ့အချက်ကတော့ လမ်းအလိုက် ဆိုင်ခန်းလေးတွေကို အရောင်တစ်ညီထဲ ဆေးခြယ်ထားခြင်းဖြစ်တယ်..
အမှန်ဆို ရိပေါ်တို့ကော်ဖီဆိုင်လေးတည်ရှိတဲ့ လမ်းမှာ ဆိုင်ခန်းလေးတွေအားလုံး အဖြူရောင်သာ..
ဒါပေမယ့် ဆိုင်မဖွင့်ခင် အပြင်အဆင်နဲ့ပတ်သက်လို့ မားကို့စ်က ရိပေါ်ကို တိုင်ပင်တယ်..
အများနဲ့မတူပဲ သူ့ဆိုင်ကို အဝါရောင်လေး ဆေးခြယ်ချင်တဲ့အကြောင်း ပြောလာတော့ ရိပေါ်မှာ အံ့ဩရတယ်..