0.2 (Unicode)

2.5K 298 6
                                    

အချိန်တွေက တစ်ရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး လတွေကနေနှစ်တွေအဖြစ် ပြောင်းလာခဲ့တယ်။ ရှောင်းကျန့်က ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့ပြီး အရည်အချင်းရှိတာကြောင့် ရာထူးတွေတစ်ဆင့်ပြီး တစ်ဆင့်မြန်မြန်တက်ခဲ့တယ်။ ရိပေါ်လည်း ကျောင်းပြီးခဲ့ပြီဖြစ်တယ်။ အတည်တကျအလုပ်တွေကို သဘောမကျတဲ့ရိပေါ်က ခါတိုင်းလိုပဲ အလုပ်တစ်ခုကို အတည်တကျမလျှောက်။ Drawing ပိုင်း ယူထားသူလည်းဖြစ်လို့ အိမ်ကနေပဲ အလုပ်အပ်လက်ခံပြီး ပုံတွေဆွဲပေးတတ်တယ်။ ဒါပေမယ့်လည်း ရိပေါ့်ဝင်ငွေက ရှောင်းကျန့်ထက်မနည်း။

*********
ဆယ်နှစ်... ဒီဆယ်နှစ်အတွင်းမှာ ရိပေါ်နဲ့ရှောင်းကျန့် အများကြီးဖြတ်ကျော်ခဲ့ရတယ်။ ရှောင်းကျန့်က ရိပေါ်ကျောင်းပြီးပြီးချင်း သူ့အိမ်ကိုလက်ဆွဲခေါ်သွားခဲ့ပြီး သူ့မိဘတွေရှေ့ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ချစ်သူပါလို့ ကြေငြာခဲ့တယ်။ ရှေးရိုးဆန်တဲ့မိဘတွေက ဘယ်လိုမှ လက်မခံနိုင်ခဲ့ကြပါ။ ခါးခါးသီးသီးကို ငြင်းဆန်ကြတဲ့အပြင် ရိပေါ့်ကိုပါ မုန်းတီးခဲ့ကြတယ်။

ရှောင်းမာမားရဲ့ "မိဘမဲ့ကလေကချေကောင် ငါ့သားကို ဘယ်လိုတွေ မြှူစွယ်ထားလို့ အဲ့လောက်ဖြစ်နေရတာလဲ မသိဘူး"ဆိုတဲ့စကားမှာ ရှောင်းကျန့် ပေါက်ကွဲခဲ့တယ်။ ပထမဆုံးမိတ်ဆက်ပေးဖို့ ခေါ်သွားတဲ့နေ့မှာပဲ ရိပေါ့်လက်ကိုဆွဲလို့ ရှောင်းကျန့်သူ့မိဘတွေနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်။ ရိပေါ်စိတ်မကောင်းဖြစ်ပြီး အကြိမ်ကြိမ်ဖြောင်းဖျပေမယ့် ရှောင်းကျန့်က သူ့မိဘတွေနဲ့ ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ လုံးဝစိတ်ကူးရှိတော့ပုံမရပါ။ စိတ်မကောင်းဖြစ်နေတဲ့ကြားက ရိပေါ်ဝမ်းသာမှုလေးကို ခံစားခဲ့ရသေးတယ်။။ ကျန့်ကောက ဘာနှင့်ယှဥ်ယှဥ် သူ့ကိုရွေးခဲ့သည်ပဲ။

********
နှစ်ယောက်သား ကြိုးစားရှာဖွေစုဆောင်းကြရင်း တိုက်ခန်းငှားနေတဲ့ အခြေအနေကနေ ကွန်ဒိုတစ်လုံး ဝယ်နိုင်ခဲ့တယ်။ ရိပေါ်ကျောင်းပြီးပြီး ဒုတိယမြောက်နှစ်မှာ ရှောင်းကျန့်ရဲ့ကုမ္ပဏီက နိုင်ငံခြားမှာ အသစ်ဖွင့်တဲ့ကုမ္ပဏီခွဲသစ်အတွက် ယာယီခေါင်းဆောင်အုပ်ချုပ်သူနေရာ ယူပေးဖို့ ရှောင်းကျန့်ကို ကမ်းလှမ်းလာခဲ့တယ်။ အဲ့အချိန်မှာ ရိပေါ်က ကျောင်းပြီးပြီးချင်း လျှောက်ထားတဲ့အလုပ်ကနေ ချက်ချင်းထွက်ပြီး ရှောင်းကျန့်နောက် အထုပ်ဆွဲ လိုက်ခဲ့တယ်။ ရှောင်းကျန့် သွားချင်နေမှန်း သူသိတယ်။ သူ့ကို အားနာနေမှန်းလည်း သူသိတယ်။ အဲ့နောက်ပိုင်းကစ အတည်တကျနေရတာ သဘောမကျလို့ဆိုတဲ့​ အကြောင်းပြချက်နဲ့ ရိပေါ်ဘယ်ကုမ္ပဏီကိုမှ အလုပ်မလျှောက်တော့ဘဲ အလွတ်တမ်းအလုပ်အပ်လက်ခံသူ အဖြစ်ပဲနေတော့တယ်။

You don't need to find a reason [Completed]Where stories live. Discover now