သစ်ရွက်ခြောက်တို့ကြွေနေသော လမ်းမကြီးတစ်ခုထက်တွင် လူငယ်လေးတစ်ယောက်သည် ဆုရစာရွက်ကလေးကို ကိုင်ရင်းလမ်းလျှောက်လာလေ၏။ အသားမည်းမည်းမျက်နှာပုပုကလေးပေါ်တွင် အပြုံးပန်းများက မလိုက်မဖက်ရှိနေသော်လည်း ထိုကလေးဟာတော့ မည်သူ့ကိုမျှ ဂရုမစိုက်ပေ။
ခြံစည်းရိုး ယိုင်နဲ့နဲ့ကလေးကို ဖေးတင်ထားသည့် ခြံတံခါးရွက်ကလေးမှာတော့ ဝါးတစ်ချို့ပြုတ်ထွက်နေခဲ့ပြီမို့ အရံအတားသဘောသာ ရှိတော့၏။ လုံးဝလုံခြုံနေသေးသည်တော့မဟုတ်ခဲ့ပါ။
တောင်စောင်းကလေးမှာ ဖေးတင်ထားသည့် အိမ်စုတ်ကလေးကတော့ ခြောက်ကပ်လျှက်ရှိ၏။ အိမ်နောက်ဘက်ရှိ ချောက်ငယ်ကလေးထဲ ပြေးဆင်းကာ မိခင်ထံပြေးသွားမိတော့၏။
" အမေ .. အမေ .. "
" ဘာဖြစ်လာသလဲ ... အလန့်တကြား "
" သား သား ဆုရတယ် "
ပုဆိုးအဟောင်းတစ်ထည်အား ခေါင်းပေါင်းထားသည့် အမေ့မျက်နှာပေါ်တွင် သနပ်ခါးဆိုသည်မှာ တစ်စက်ကလေးမှရှိမနေခဲ့ပါ။ ပလက်စတစ်ကော်ပုံးကြီးထဲက အစားအစာအကြွင်းအကျန်များထဲ လက်ကြနှင့် စွက်ကနဲနှိုက်ကာ ဖွဲနုတစ်ချို့နှံ့အောင် မွှေနေသည့် အမေ့လက်တွေက သူ့ကို မရွံရှာစေပါ။ သို့သော်ငြား သူကိုင်လာသည့် ဆုစာရွက်ဖြူဖြူကလေး ညစ်ပေသွားမှာစိုး၍ အနောက်ကို အနည်းငယ်ဆုတ်လိုက်၏။
" ဘာဆုလဲ "
" ထူးချွန်ဆု "
" ဘာ ဘာသာတုန်း "
" သင်္ချာ "
" ဪ ဪ "
" ဒါပဲလား "
အမေဟာ အလုပ်ရှုပ်နေချိန်၌ လာစကားပြောနေသည့်သူ့ကို အလိုမကျသလို တစ်ချက်ကြည့်လာ၏။ အမေ့အကြည့်ကြောင့် အလိုလိုလန့်လာကာ အမေ့ကို ဘာစကားမျှမဆိုဝံ့တော့ချေ။
အမေဟာ လက်ထဲကပလက်စတစ်ကော်ပုံးကြီးကို မ ရင်း အနောက်ဘက်စွန်းစွန်းရှိ ဝက်ခြံကလေးသို့သွားကာ ဝက်စာကျွေးနေပြန်၏။ ဒီနေ့တော့ ဝက်တွေ ဗိုက်ကားပေလိမ့်မည်။ ကြည့်ရတာ အမေတစ်ယောက် ဝက်စာကောက်တာ အတော်များများရခဲ့ဟန်တူ၏။
ESTÁS LEYENDO
လွမ်းပို(Completed)
Romanceအချစ်နှင့်သိက္ခာ မာနနဲ့သစ္စာ တရားသဖြင့် ယှဥ္ပြိုင်ကြရအောင်