Part 1

2K 63 2
                                    

တူ…

ဆွဲဆွဲငင်ငင် မြည်တမ်းလိုက်သည့်  ဥဩဆွဲသံ အဆုံးတွင် သူ့ထိုင်ခုံလေးမှာ သိမ့်ကနဲ လှုပ်ရှားသွားသည်။

“ခေါင်းတွဲချိတ်လိုက်ပြီ ထင်တယ်။”

စင်္ကြံလမ်း တစ်ဖက်ရှိ ခုံမှ အဘွားအိုသည် မှိန်းနေရာမှ  မျက်၀န်းများကို တစ်ချက်ဖွင့်ကြည့်ပြီး တစ်ယောက်တည်း ရေရွတ်ဟန်ပြုလိုက်သည်။

သူမ နံဘေးတွင် ထိုင်နေသော မိန်းကလေးငယ်ကတော့ ထိုအဘွား၏ စကားအား အရမ်းကို ထူးဆန်းလေးနက်သည့် ပုံပမာ ပြ‌တင်းပေါက်မှ တဆင့် ခေါင်းပြူကာ ရှေ့တွဲများထံသို့ အလျင်အမြန် ကြည့်သည်။

ရှည်လျားသော ဥဩဆွဲသံသည် ထပ်မံ ထွက်ပေါ်လာသည်။ ဒီတခါတော့ သိမ့်ကနဲ တချက်လှုပ်ရှားရုံလေး မဟုတ်ပဲ ရထားဘီးလေးများသည် သံလမ်းများပေါ်တွင် စတင် ရွေ့လျားချေပြီ။

တဖြေးဖြေးချင်း များလာသော အရှိန်လာကြောင့် တချက်ချက်  ငြိမ့်ခနဲ ဖြစ်သွားပြီး ရထားငယ်၏ မူပိုင်သံစဉ် ဖြစ်သော ဂျူံးဂျူံးဂျက်ဂျက် မြည်သံကို စတင် သောတပန်ဆင်ခွင့် ရလေပြီ။

“ဘွားဘွားရေ ရထားကြီး သွားနေပြီ။”

ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ပြေးသွားသော မြင်ကွင်းအား အံ့အားတကြီး ငေးမောနေသော ထိုမိန်းကလေးငယ်သည် အဘွားဖြစ်သူထံသို့  အသံစာစာလေးဖြင့် တိုင်တည်သည်။

စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ်လက်နေသော သူမ၏ မျက်၀န်းများသည် ရထားစီးခြင်း အတွေ့အကြုံကို ဘ၀တွင် ပထမဆုံး ခံစားဖူးသူ ဖြစ်ကြောင်း ပကတိ ၀န်ခံနေသည်။

“ကောင်းပါလေ့၊ ၆နာရီ ရထားက ၇နာရီခွဲမှ ထွက်ရတယ်လို့။ စံတော်ချိန်ကိုက် မ သုံးလုံးပဲဟေ့။”

သူ့ နောက်ဘက်ဆီမှ မတိုးမကျယ် ညည်းညူသံက ထွက်ပေါ်လာသည်။

နဂိုထက် ပိုမို ကောင်းမွန်သွားသော ကားလမ်းမှာ အချိန်မလင့် ခရီးမဖင့်စေသည်က တစ်ကြောင်း၊ ရနိုင်သမျှ အချိန်ဆွဲကာ တနေမကုန် ကုန်အောင် ခုတ်မောင်းတတ်သော အားကိုးအားထားပြုချင်စရာ မီးရထားတို့၏ ရိုးရာအစဉ်အလာ တို့ကြောင့် အခုအချိန်၌ မီးရထား ပို့ဆောင်ရေးအား စီးနင်းသူမှာ အရင်ကထက် များစွာ လျော့နည်းသွားလေပြီ။

Neverland (Completed)Opowieści tętniące życiem. Odkryj je teraz