ကိုယ့် ငယ်ချစ် -2

33 0 0
                                    

အဲသည်နေ့က တစ်ယောက်နဲ့တစ်ယောက် လက်ချင်းတွဲပြီး ကျောင်းမီအောင် ပြေးရတာ အမှတ်တရပေါ့။

"ဟဲ့ မိသီ ။
တစ်ယောက်တည်း ဘာတွေပြုံးနေတာလဲ။ "

သူက သီရိ။ ငယ်သူငယ်ချင်းမဟုတ်ပေမယ့်
ဟေသီရဲ့ အရင်းနှီးဆုံး သူငယ်ချင်း။ လုပ်ဖော်ကိုင်ဖက် ။ သူက ပွင့်လင်းသည်။
ရိုးသားသည်။ တစ်ခုခုဆို ဖုံးကွယ်မထားတတ်။
ဗြောင်ပြော ဗြောင်လုပ်။

"ဘာမှ မဟုတ်ပါဘူးဟာ။ သည်တိုင်း"
အူကြောင်ကြောင်လုပ်ကာ album လေးကို
အမြန်သိမ်းလိုက်မိသည်။
သို့သော် သီရိကား ထိုမျှလောက် မ အ။

"အမလေးဟယ်။
ပေးမကြည့်ရင်လည်း နေပါ။
သည်ကလည်း
စပ်စုရတာ ဝါသနာမပါ ပါဘူး။
လမ်းကြုံလို့ ဝင်လာတာ။
လာမယ့် Sunday မှာ
ရုပ်ရှင်သွားကြည့်ရအောင်လို့ ပြောရင်း။"

"အေး သွားလေ။ ဘယ်သူတွေရောတုန်း"

"တို့သူငယ်ချင်းတွေပဲလေ။
အိဖြူကိုတော့ ငါပြောပြီးသား။"

"အေးပါ "

သီရိပြန်သွားမှ album လေးကို
ပြန်ထုတ်ကြည့်မိသည်။ ဟေသီ က အဲလိုလူစား။

သူ့ လက်သုံးစကား က " ကိုယ့်မျက်နှာပေါ်က အရိပ်အယောင်တွေဟာ ကိုယ့်လည်ကုတ်ပေါ်မှာ ဝဲနေတဲ့ လက်နက်တွေ မဖြစ်သင့်ဘူး " တဲ့။

ဟေသီက ငယ်စဥ်တည်းက
အပေါင်းအသင်းမက်သူ မဟုတ်။
နည်းနည်း အရွယ်လေးရောက်လာမှ
အနည်းငယ် ပေါင်းတတ်သင်းတတ်လာသူ။

မျက်နှာကို တမင် တည်ထားတာ
မဟုတ်သော်လည်း
များသောအားဖြင့် အရယ်အပြုံးကင်းမဲ့နေတတ်သည်။
ဆော့တာ ကစားတာ ရှားသည်။
အဖွဲ့အသင်းလိုက် လူများများနှင့်
ဆော့ရသော ကစားနည်းမျိုးတွင်
ဟေသီ ဘယ်တော့မှ မပါ။

အမြဲတမ်း ရုပ်တည်ကြီးနှင့်နေတတ်သော
ဟေသီ့ကို ယောကျ်ားလေးများပင် ရှိန်သည်။
အသားလတ်လတ်၊အရပ် က မပုလွန်း မရှည်လွန်းနှင့် ပါးပါးလျားလျား ခန္ဓာကိုယ်လေးနှင့် ဟေသီ့ကို ဘယ်သူမှ တိတိပပ မ,စ ရဲ။

ဟေသီကလည်း
စာလုပ်ရမယ့်အချိန် လုပ်သည်။
ဘယ်ဟာနေနေ ဇာယားနဲ့ ဇကွက်နဲ့။
Communication မှာတော့ ဟေသီသည် 
အချေတစ်လိုင်း  သို့မဟုတ် ဆောင့်ကြွားကြွားကောင်မလေး တစ်ယောက်သာ။

သူမနှင့်ကျမှ ဟေသီသည်...

"ဟင်းးးးးး"

သက်ပြင်းမောတစ်ခုကို ငြီးငွေ့စွာချရင်း
မျက်လုံးကိုမှိတ်လိုက်စဥ်
ဘယ်တုန်းကမှ မမေ့ခဲ့ဖူးသော
ဘယ်တော့မှလည်း မေ့မည်မဟုတ်သော
အတိတ်တွေက ပုံရိပ်လိုပြန်ပေါ်လာပြန်သည်။

မနေ့ညက နှစ်ယောက်ကြား
အငြင်းအခုန် တစ်ခုဖြစ်သွားသဖြင့်
တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီး မနက်ခင်းကျူရှင်ဆင်းသည်အထိ
စကားမပြောခဲ့ကြ။

ဟေသီလည်း ခါတိုင်းလို
သူ့ကို စောင့်မခေါ်မိတော့။ စိတ်ဆိုးက
မပြေသေးဘူးလေ။

နိုင်ငံတော်အလံအလေးပြုတော့
ကိုယ်နှင့်တွဲနေကျ သူမက ရောက်မလာ၍
တခြားသူနှင့် တွဲလိုက်ရသည်။ ဒါ မနေ့ညက
ကိစ္စကြောင့် ငါ့ဆီမလာတာနေမှာပဲ
ဟုတွေးကာ
ဆိုးနေသည့်စိတ်က ပိုဆိုးလာ၏။

သူမ နေမကောင်း၍ ခွင့်ယူသည်ဆိုတာ
အတန်းပိုင်ဆရာမ ပြောမှ သိရ၏။

မနက်ခင်းတစ်ပိုင်းလုံး စိတ်နဲ့လူနဲ့ မကပ်တော့။
ငိုက်လည်း မငိုက်ပါဘဲနှင့်
ဆရာ ဘာတွေပြောနေလဲ ဟေသီ မသိ။
စိတ်က သူ့ဆီသို့သာရောက်နေသည်။

သူ အခု ဘယ်လိုနေသလဲ။
အဆောင်မှာ ဘယ်သူမှ မရှိတဲ့အချိန်
အဖျားတွေတက်နေရင် ဘယ်လိုလုပ်မလဲ။
နေမကောင်းတော့ ထမင်းမစားရင်
သူတစ်ယောက်တည်း ဘယ်လိုလုပ်မလဲ။

အတွေးပေါင်းစုံက ခေါင်းထဲမှ မထွက်။
ထို့နေ့က မနက် ၉ နာရီ မှာ ၁၂ နာရီ
ဆိုသောအချိန်သည်
ကြာရှည်လွန်းလှချေသည်။
ကုန်နိုင်ခဲလှပေသည်။

ကျောင်းဆင်းခေါင်းလောင်းထိုးတော့
အခန်းဝမှ ဟေသီ ဦးဆုံးထွက်ပြေးခဲ့သည်။
အတန်းဖော်တွေကတော့ နားမလည်နိုင်သည့်မျက်ဝန်းများနှင့် ကျန်ခဲ့၏။

အဆောင်ရောက်တော့
သူမ အိပ်နေပြီ။
သေတ္တာပေါ်မှာ စာအုပ်တွေလှန်ထား၏။
ရေးလက်စစာရွက်အကြမ်းတွေက အစီအရီ ။

သည်ကောင်မလေး
နေမကောင်းဘဲနဲ့ စာလုပ်နေတာ နေမှာ။
တခုခုစားပြီးပြီလား ဆေးသောက်ပြီးပြီလား သက်သာလား မေးချင်ပေမယ့်
အိပ်မောကျနေသည်မို့ မနှိုးရက်။

နဖူးလေးကို သူ မနိုးအောင် အသာစမ်းကြည့်တော့ ချွေးစေးလေးတွေပြန်ပြီး အေးစက်နေသည်။ ဆေးသောက်ထားပြီးပြီနေမှာဟုသ
ဘာသာတွေးလိုက်ရသည်။

စိတ်ကတော့ သိပ်မချ။

ဖြစ်ချင်ရာဖြစ်။
ဘဝမှာ တစ်ခါမှ မလုပ်ဖူးသည့်အလုပ်ကို
ပထမဦးဆုံး လုပ်လိုက်သည်။

နေ့လည်ခင်းတစ်ပိုင်း
ဟေသီ ကျောင်းမတက်တော့။

11:31pm
6/3/2021

ကိုယ့် ငယ်ချစ်Where stories live. Discover now