(၇)

1.8K 230 17
                                    

Unicode

သင်းသင်းပျံ့ပျံ့နှင့် တဝေဝေမွှေးနေသော သနပ်ခါးပန်းရနံ့လေးများက လေပြည်နှင့်အတူ သွေးဆောင်ကာ ကြိုင်လို့လှိုင်နေပေ၏ ။

ဘုန်းကြီးကျောင်းထဲမှ သနပ်ခါးပင်ကြီးတစ်ပင်အောက်ရှိ ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ မွှေးပျံ့နေသောရနံများကို တစ်ဝကြီးရှူရှိုက်မိနေသည် ။ ရနံ့မှာလည်း သင်းကာထုံနေသလို အေးမြမြလေကလည်း တိုက်ခတ်နေလေတော့ စိတ်ရောလူပါ လန်းဆန်းလို့နေလေသည် ။

ထနောင်းတို့ အခုရောက်နေကြသည့်နေရာမှာ စစ်ကိုင်းတိုင်း ရာဇမဏိစူဠာ ကောင်းမှူတော်ဘုရားအနီးမှ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်ဖြစ်သည် ။ သည်ကျောင်း၏ ကျောင်းထိုင်ဆရာတော်မှာ ဦးမြတ်ကျော်ထွန်းတို့ မိဘလက်ထက်တည်းက ကိုးကွယ်ဆည်းကပ်ခဲ့တာဖြစ်ပြီး ကျောင်းရှိကမ္ဗည်းမှတ်တမ်းများတွင်လည်း ထိုသူတို့၏ မိသားစုအမည်နာမများကို တွေ့ရလေသည် ။

မနက်ခုနှစ်နာရီတည်းက ဘုန်းကြီးဆွမ်းကပ် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြသည်မှာ ယခုဆို မနက်ဆယ်နာရီပင် ခွဲချေတော့မည် ။ စစ်ကိုင်းနှင့် မန္တလေးမြို့များရှိ ဦးမြတ်ကျော်ထွန်းတို့ ဆွေမျိုးများအပြင် မိတ်ဆွေသဟာရများပါ လာရောက်ကြလေသဖြင့် အလှူမှာစည်ကားလှပေသည် ။

ဧည့်သည်များလည်း တဖွဲဖွဲပြန်ကုန်ကြပြီး မီးခိုးတိတ်ချိန်ရောက်တော့မှသာ အလှူသိမ်းသည်ဟု ဆိုနိုင်ပေသည် ။ ဦးမြတ်ကျော်ထွန်းတို့ မိသားစုမှာလည်း အလှူပြီးသည်နှင့် သူတို့တည်းသည့်အိမ်သို့ ပြန်သွားကြလေသည် ။

ထနောင်းတို့လို ဝန်ထမ်းများနှင့် အချို့စီနီယာများသာ ကျန်ခဲ့ကြသည် ။ အချို့ရာထူးကြီးပိုင်း စီနီယာများကလည်း စားသောက်ကြပြီးသည်နှင့် သုံးထပ်ဆောင်သို့ပြန်ကာ နားကုန်ကြသည် ။ ရှိန်နေစရာမျက်နှာပူစရာ လူကြီးများလည်း မရှိကြပေသောကြောင့်လားမသိ ။ ကျန်ခဲ့သည့်လူအားလုံးမှာ လွတ်လပ်နေကြပုံပင် ။

စားကြသောက်ကြပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း လှည့်ပတ်စူးစမ်းနေသည့်သူများက တစ်ဖွဲ့ ၊ အလှူတက်ရသည်ကြောင့် ဝတ်စားထားသည့် အဖိုးတန်ဝတ်ကောင်းစားလှများနှင့် လှပတောက်ပြောင်နေသည်ကို အလဟာသမဖြစ်ရအောင် ဓာတ်ပုံရိုက်နေသူများက ရိုက် ၊ အရိပ်အာဝါသရသည့် အပင်များအောက်တွင် ထနောင်းတို့လို အေးအေးဆေးဆေး ထိုင်သူများက ထိုင်နှင့် ရှိနေကြသည် ။

တူနှစ်ကိုယ် / တူနှစ်ကိုယ် [Completed]Where stories live. Discover now