(၂)

3.6K 357 21
                                    

အခန်း (၂) Unicode

မနက်မိုးသောက်အရုဏ်တက်ပြီ ။  နှိုးစက်မပေးထားသော်လည်း ကျင့်သားရနေသည့် မျက်လုံးတို့က အချိန်မှန်စွာပင် ပွင့်လာခဲ့သည် ။

ဖြည်းညှင်းစွာထ၍ ကိုယ်လက်အကြောများပြေအောင် အညောင်းညာဆန့်လိုက်သည် ။ ကိုနောင်က နံဘေးတွင် မှောက်ခုံလှဲရက်အနေအထားဖြင့် အိပ်စက်နေရှာသည် ။ ကုတင်ခြေရင်းသို့ လျှောကျနေပြီဖြစ်သည့် ဂျပ်စောင်လေးအားဆွဲယူကာ ကိုနောင့်ကိုယ်ပေါ်သို့ လွှားတင်ပေးခဲ့လိုက်ပြီး  ကုတင်ပေါ်မှအသာဆင်းလာလိုက်သည် ။

မျက်နှာသစ်သွားတိုက်ပြီး ထမင်းအိုးတည်လိုက်သည် ။ ယမန်နေ့တည်းကဝယ်ထား၍ ဆားနံနွင်းနယ်ဖတ်ပြီးသား ကြက်သားအစိမ်းဘူးကို ရေခဲသေတ္တာထဲမှ ထုတ်ယူလိုက်ကာ တစ်ခါတည်းချက်ရန် ပြင်ဆင်လိုက်လေသည် ။ ဟင်းအိုးပါတည်ထားခဲ့လိုက်ပြီး တစ်အိမ်လုံးကို လှည်းကျင်းနေလိုက်သည် ။ ထမင်းဟင်းများကျက်တော့ ဦးဆုံးခူးခပ်ပြီး ဘုရားဆွမ်းကပ်ရသည် ။ ယောက်ျားလေးနှစ်ယောက်တည်းသာ နေသည့်အိမ်ဖြစ်ပေမည့် ဘာသာရေးကိုတော့ဖြင့် မမေ့စေရ ။

ဆွမ်းတော်ကပ်ပြီးနောက် ကြွေပန်းကန်လုံးတစ်လုံးထဲသို့ ထမင်းခူးထည့်ထားလိုက်ပြီး အိမ်ရှေ့တံခါးဖွင့်ကာ ဝရံတာသို့ ထွက်ကြည့်လိုက်သည် ။ ခပ်ဝေးဝေးဆီမှ ပုံရိပ်တစ်ခုကိုလှမ်းမြင်လိုက်ရတော့ ပိုက်ဆံအိတ်ထဲမှ ငါးရာတန်တစ်ရွက်ယူကာ တံခါးလော့ချ၍ အိမ်ထဲမှထွက်လာလိုက်သည် ။ တိုက်အောက်ရောက်တော့ အစောက တွေ့ခဲ့သည့်ပုံရိပ်မှာ နီးကပ်လာလေပြီ ။

" ဟောဒီက ပဲကတ္ထီပါပြုတ် ပဲပြုတ် ပဲထောပတ် ကောက်ညှင်းပြန်ပေါင်းပူပူလေး... ''

အသံရှင်က ထနောင်းကိုမြင်တော့ အနားသို့လှမ်းလာကာ ခေါင်းပေါ်မှတောင်းကို မြေကြီးပေါ်သို့ချရန်ပြင်နေ၍ ကူသယ်ပေးလိုက်သည် ။

" မောင်ထနောင်းတို့က အချိန်မှန်ပါလားဝေ့ ''

မနက်ခင်းတိုင်း ရပ်ကွက်နှစ်ခုသုံးခုကိုပတ်ကာ ပဲပြုတ်လည်ရောင်းသည့် အရီးဒေါ်စိန်မှန်က အရွှန်းဖောက်ရင်းနှင့် လက်ကလည်း ငါးကိုးပလတ်စတစ်အိတ်လေးထဲသို့ ပဲကတ္ထီပါပြုတ်များကို ဇွန်းနှင့်ခပ်ထည့်နေလေသည် ။ ထနောင်းက ပင်ကိုယ်မူအတိုင်း ပြုံးပြုံးလေးသာ ။

တူနှစ်ကိုယ် / တူနှစ်ကိုယ် [Completed]Donde viven las historias. Descúbrelo ahora