(၁၁)

1.9K 210 32
                                    

Unicode

ညနေဆည်းဆာချိန်သို့ရောက်သည်နှင့် ငှက်ကလေးများမှာ အိပ်တန်းတက်ရန်အတွက် တစ်ပင်မှတစ်ပင် ကူးလူးပျံဝဲကြလေ့ရှိသည် ။ လောကီလူသားများမှာလည်း ထိုကဲ့သို့ပင် ။ တစ်နေကုန် သွားလာလှုပ်ရှားရုန်းကန်ခဲ့လေသမျှ သည်အချိန်ရောက်လျှင် နားခိုရာအိမ်လေးဆီသို့ အရောက်ပြန်ကြရသည်ပေ ။

ခရီးသည်အပြည့်တင်လာသော ဘတ်စ်ကားကြီးမှာ အရှိန်မှန်မှန်နှင့် မောင်းနှင်လာရင်း မှတ်တိုင်တစ်နေရာသို့ရောက်ပါက တက်လာသည့်လူများကို ကြိုဆိုသလို ဆင်းသွားသည့်လူများကိုလည်း နှုတ်ဆက်၍ တာဝန်ကိုကျေပွန်စေသည် ။ ဘဝတစ်ခုလိုပင် ဝင်လာသည့်သူ ထွက်သွားသည့်သူများနှင့် လောကကို ဆေးရောင်ခြယ်နေကြသည်ပင် ။

" ဆီဆိုင် စာတိုက် ရုပ်ရှင်ရုံ ကျန်းမာရေး ၇ဈေး... အောင်ချမ်းသာ ဆန်စက် ထားမလုံ... လိုက်ရင်တင်မယ် မလိုက်ရင်မောင်း... ''

ကားယာဉ်နောက်လိုက်က မှတ်တိုင်တစ်နေရာတွင် ရပ်လိုက်လေတိုင်း ဘတ်စ်ကားဖြတ်သန်းသွားမည့်နေရာများအား နှုတ်တိုက်စာအံထားသလို ရွတ်လေတော့သည် ။ အတက်အဆင်းနေရာတွင်ရပ်ကာ ခရီးသည်များတက်လာတိုင်း ကားခကောက်ယူနေသည် ။ သူ့ခါးထက်မှပုဆိုးကြားတွင်လည်း ငွေစက္ကူများအထပ်လိုက် ထိုးညှပ်ထားသည် ။

" တစ်ယောက်ရပြီ နှစ်ယောက်ရပြီ ၊ မောင်း... ဆရာရေ ရုပ်ရှင်ရုံအနီးဆုံး... ''

ခရီးသည်များတင်ပြီးသည်နှင့် ဘတ်စ်ကားကြီးမှာလည်း ပြန်မောင်းထွက်လေတော့သည် ။ ထနောင်းလည်း ဆင်းရမည့်မှတ်တိုင်ရောက်ရန် လိုသေးသည်ဖြစ်၍ မှန်ပြတင်းအပြင်ဘက်သို့ ငေးနေမိသည် ။ ထနောင်းဘေးတွင် ထိုင်၍ပါလာသည့် အမျိုးသမီးမှာလည်း ဆင်းရတော့မည်ထင်သည် ။ နေရာမှ ထသွားလေသည် ။

ဘတ်စ်ကားစီးလျှင် ကြုံရသည့်ထုံးစံအတိုင်း ထိုင်ခုံနေရာလစ်လပ်သွားသည်နှင့် အသင့်နေရာယူမည့်သူက ရှိပြီးသားပင် ။ ထနောင်းဘေးတွင်လည်း လူတစ်ယောက်ဝင်ထိုင်လာသည် ။ ယခင်ထိုင်ခဲ့သည့် အမျိုးသမီးရော ထနောင်းပါ ပိန်သွယ်သည့်သူများဖြစ်ကြ၍ နှစ်ယောက်ထိုင်ခုံမှာ အနေကျပ်သည်မထင်ရ ။

တူနှစ်ကိုယ် / တူနှစ်ကိုယ် [Completed]Where stories live. Discover now