6.

1.1K 226 26
                                    


[Unicode]

ကောင်ငယ်လေးကတော့ စကားနှင့်အနိုင်ပိုင်းခံရပြီး သူ့ကို အလကားလူပေါက်စိလို့ ဆက်ဆံခံလိုက်ရသည်ဟု ခံစားရကာ မျက်မှောင်ကြုတ်သွား၏။ ဒါပေမဲ့ သူ ဘာမှတော့ ပြန်မပြော၊ ခေါင်းကို ငုံ့မြဲတိုင်းသာငုံ့ထားပြီး ဆန်ပြုတ်ဆက်သောက်၏။

ဘာလို့မှန်းမသိ သူ့စိတ်ထဲရှိနေတဲ့စကားကို ပက်ခနဲ ပြောပစ်ချင်မိသည်။ သူ အချောကြီးကို မေးချင်မိပါသည်... ကျွန်တော် ခင်ဗျားကို မသမာတဲ့စိတ်နဲ့ ချဥ်းကပ်လာပြီး နောက်ကျောဓားထိုးမှာ မစိုးရိမ်ဘူးလား။

အချောကြီးကို သူ ထို ဖြစ်နိုင်ချေတို့အကြောင်း မကြားစေချင်မိ၊ သူ အချောကြီးကို ထိုသို့သော လေသံမျိုးနှင့်လည်း မပြောဆိုချင်။

မနက်စာစားပြီးနောက်မှာတော့ အချောကြီး သူ့ကို မေးသည် "မင်း ဒီနေ့ ကိုယ်ဆီ ဘာလို့လာတာလဲ"

သူ နှုတ်ခမ်းတို့သာ ကိုက်ထားလျက် ဘာမှပြန်မဖြေ။

ဘာပဲဖြစ်ဖြစ် ပုံမှန်ဆိုလည်း သူ အမြဲ ထုံပေပေနဲ့နေတတ်တာပဲဟာ၊ အချောကြီးလည်း ဒါကို အသားကျနေပါပြီ။ ပန်းကန်လုံးနှစ်လုံးကိုသိမ်း၊ ကိုယ်ကိုကိုင်းကာ ရယ်ရွှန်းဖက်ရွှန်းနှင့် သူ့ပါးလေးကို ဖျစ်၍ "ကိုယ့်ကို မင်းမျက်နှာလေး ပြဖို့သက်သက်နဲ့လာတာလား၊ ဟမ်... လိမ္မာလိုက်တာ"

ကောင်လေးမှာ စိတ်အိုက်သွားရသည်။

အချောကြီးက ထပ်ပြီး "ဟင်လို့"

ကောင်လေးက ဂရုမထားဟန်နှင့်ပြန်ကြည့်၏၊ ဆိုတော့ သူကလည်း ထပ်ပြီး ဆွဲဖျစ်ပေးလိုက်သည်။ ကောင်ငယ်လေးက မျက်နှာကို တစ်ဖက်လှည့်သွားပြီး သူ့လက်တို့ကိုရှောင်သည်။ သူ တအောင့်ကြာလောက် ထိုင်နေပြီးနောက် ထလိုက်ပြီး "ပြန်တော့မယ်"

အချောကြီးအသံက တိမ်ဝင်သွား၏ "ဆိုတော့ မင်းက ဒဏ်ရာတွေလာလာပေးတဲ့ ကလေးငယ်ပေါ့၊ ဟုတ်လား"

ကောင်ငယ်လေး၏ ခြေလှမ်းတို့ တန့်သွား၏ "မဟုတ်ပါဘူး"

အချောကြီးက ပြုံးပြီး ပြောသည် "မင်း ဒီလာတာ ဒဏ်ရာတွေလာပေးရုံဆိုလည်း ကိုယ်က ပျော်ပါတယ်။ ခဏလောက် ပြန်ထိုင်ပါဦး၊ အလာကြီးရောက်လာတဲ့ကလေးကို မနက်စာပဲကျွေးရတယ်ဆို အားနာစရာကြီး"

Light Tea, Sweet Wine 清茶甜酒 (Myanmar Translation)Where stories live. Discover now