🍭Part-1🍭

570 60 34
                                    

*Zawgyi*

မီးရောင်စုံတွေတဖျတ်ဖျတ်လက်လျက်ခမ်းနားနေသော ရန်ကုန်မြို့၏ညတစ်ည...။

ရန်ကုန်မြို့ပြကြီးသည် ဒီဇင်ဘာလ၏မြူဖြူဝေ့ဝေ့များကြား ဝိုးတိုးဝါးတားနှင့် ဆောင်းရာသီတို့၏အငွေ့အသက်တို့အပြည့်အဝလွှမ်းခြုံလျက်ရှိလေသည်။ ယခင်ကတည်းက ဆယ့်နှစ်လရာသီပွဲများနှင့်စည်ကားလေ့ရှိသော မြန်မာနိုင်ငံကြီးထဲက ရန်ကုန်ဟူသောမြို့လေးထဲတွင် ဆောင်းရာသီ ဒီဇင်ဘာလနှောင်းပိုင်းရောက်သည်နှင့် ကတ္တရာလမ်းမကြီးများပေါ်၌ ဘုရားပွဲဈေးများ၊ညဈေးများနှင့်စည်ကားလျက်ရှိသည်မှာ အထူးအဆန်းတော့မဟုတ်။ဒီဇင်ဘာလသည် ရုံးပိတ်ကျောင်းပိတ်သော အများပြည်သူရုံးပိတ်ရက်တို့များပြားသည့်လတစ်လဖြစ်ရာ ဘယ်နေရာလက်ညိုးထိုးထိုး နေရာအနှံ့ပွဲဈေးချည်းပင်။

အချိန်ကား နေဝင်ရီတရော ညနေအချိန်တစ်ခု။နေ့တာတိုသော ဆောင်းရာသီဖြစ်ရာ နေလုံးကြီးဟာ လျင်လျင်မြန်မြန်ပင် အနောက်ဘက်စီသို့တိုးလျှိုဝင်ရောက်သွားပြီး ပတ်ဝန်းကျင်ဟာ ချက်ချင်းဆိုသလို တမုဟုတ်ချင်းအမှောင်အတိကျသွားခဲ့သည်။

New Yearနှစ်သစ်ကိုကြိုဆိုသည့်သဘော လှည်းတန်းဘက် Time City အဆောက်အအုံမြင့်များ၏လွင်ပြင်နေရာ(Square)တွင်ပြုလုပ်သော ညဈေးရောင်းပွဲတော်တစ်ခု။Squareနေရာကို မီးသီးမီးလုံးများဖြင့် လှပစွာသွယ်တန်းအလှဆင်ထားလျက်ရှိပြီး ထိုမီးရောင်စုံမီးလုံးများ၏အောက်ဘက်တွင် သွားလာလှုပ်ရှားနေကြသော လူတစ်စုဟာလည်း ပြတ်လပ်တယ်ရယ်လို့မရှိဘဲ ပျားပန်းခတ်အသက်ဝင် လှုပ်ရှားလျက်ရှိလေသည်။

ပတ်ဝန်းကျင်ကချက်ချင်းဆိုသလိုမှောင်ရိပ်သန်းသွားတာမို့ အိတ်ထဲတွင် အသင့်ဆောင်လာသော အားပြည့်LEDမီးလုံးများကို ဆိုင်တိုင်းလိုလို၏ မျက်နှာစာဘက်တွင်ချိတ်ဆွဲလိုက်ရသည်မှာ ရန်စစ်တို့ဆိုင်လေးအပါအဝင်ပင်။

ညဈေးဟုဆိုသော်လည်း အစားအသောက်တွေကိုသာ အဓိကထားရောင်းချတာမို့ ရန်စစ်တို့ပါဝင်ပတ်သက်နေသောညဈေးလေးဟာ လူတွေပျားပန်းခတ်နေတာဖြစ်ကောင်းဖြစ်နိုင်လေသည်။

Cotton Candyလေးရဲ့ချစ်ပုံပြင်(Cotton Candyလေးရဲ့ချစ်ပုံပြင်){Shortstory}Where stories live. Discover now