"Take care naw"
"နင်လည်း ဂရုစိုက်"
ဒီစကားတွေဟာ အဲ့ဒီည ၁၂ နာရီမှာ သူနဲ့နောက်ဆုံးပြောဖြစ်ကြတာတွေပဲ။
ဒီနောက်ပိုင်း စကားပြောဖြစ်ရင် နောက်ဆုံးမှာ Take care နော်လို့ အချင်းချင်းပြောဖြစ်ကြတယ်။ သူရော ကိုယ်ရော ဘယ်သူ့ကိုမှ အဆုံးရှုံးမခံနိုင်ကြဘူး။
"တစ်ခုခုဆို လှမ်းပြောလိုက်နော်။"
ဒါဖုန်းချခါနီးတိုင်း ပြောနေကျစကား။ ပြီးရင်တော့ ထုံးစံအတိုင်း ဂရုစိုက်ဦးနော် ဆိုတာပဲထပ်ပြောဖြစ်ကြတယ်။
အဲ့နေ့မနက်က အိပ်ယာထနောက်ကျတဲ့ ကိုယ့်ကိုယ်ပဲ အပြစ်တင်မဆုံးဖြစ်မိတယ်။ သူ့ကို အရင်လို ဖုန်းဆက်သတိမပေးခဲ့မိဘူး။ သူကလည်း အရင်လို ဖုန်းဆက်သတင်းမမေးခဲ့ဘူး။
နေ့လည်မှာ သူငယ်ချင်းက ဖုန်းဆက်လာတော့ သတင်းကြည့်ရင်း သူမဟုတ်ပါစေနဲ့ သူမဟုတ်ဘူး လို့ပဲ စိတ်ကမှတ်ပြီး သတင်းလိုက်ရတယ်။
သူငယ်ချင်းရေ...ငါလေ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတွေထဲကလို တခြားသူငယ်ချင်းတွေကို ငိုပြီး ဖုန်းဆက်အကြောင်းကြားပေးရမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ဖုန်းကိုင်ပြီး ဘာမှဆက်မပြောနိုင်ကြပဲ ငါတို့ငိုကြတယ်။ နင့်ကို ဆုံးရှုံးရတာကို ငါတို့ လက်မခံနိုင်ကြဘူး။
နောက်တစ်ရက်ထပ်စောင့်မယ်။ ဒါ နင်မဟုတ်သေးဘူးလို့ပဲ ငါတို့ထင်တယ်။ ညဘက်မိုးရွာတော့ နင်လုံခြုံပါ့မလား အဆင်ပြေပါ့မလားလို့တောင် ပြောရင်းစိတ်ပူကြသေးတယ်။ ငါ့မှာတော့ အိမ်တံခါးဝကိုကြည့်ရင်း နင်များငါ့ဆီ အလန့်တကြားနဲ့ ပြေးပြီး လာပုန်းမလားလို့လည်းမျှော်နေမိသေးတာ။
သေချာပြီဆိုတော့လည်း ကိုယ့်စိတ်ကိုယ်လိမ်သေးတာ။ မယုံသေးဘူး။ မယုံချင်ဘူး။ ဒီအဖြစ်ကို လက်မခံနိုင်ဘူး။
ငါ့ကို ကြောက်လို့ စကားစမပြောရဲတဲ့ နင်။
နင် စနောက်ရင်း ငါစိတ်ဆိုးလို့ "နင့်ကို ထိုးသတ်ပစ်မယ်" လို့ပြောတိုင်း လန့်တတ်တဲ့ နင်။ဒီလူကောင်သေးတဲ့ငါ့ကိုတောင် နင်ကြောက်တတ်ခဲ့သေးတာ။
အဲ့ဒီ့အချိန်တုန်းက နင််ဘယ်လောက်တောင် ကြောက်လိုက်မလဲ။ တုန်လှုပ်လိုက်မလဲ။ ငါတွေးကြည့်လို့တောင် မရနိုင်ဘူး။
နင်သိလား။
ဒီသတင်းတွေသာ အမှားဆိုရင် ငါနင့်ကို ကောင်းကောင်းကြီး ဆူဆဲပစ်လိုက်ဖို့အများကြီးတွေးထားတာ။အဆိုးတွေပဲလာမယ်ဆိုတာ ငါတို့သိတယ်။ ဒါပေမယ့် ငါတို့အားလုံး ခံသာနိုင်လောက်မယ့် အဆိုးဖြစ်မယ့်အကြောင်းအရာကိုပဲ ငါတို့ရွေးပြီးမျှော်လင့်နေကြတာလေ။ နင်ကတော့ အဆိုးဆုံးအဖြစ်ကိုရွေးသွားခဲ့တာလား။
ဘာဆက်လုပ်ရမလဲ သူငယ်ချင်း။ ငါ ဘာဆက်လုပ်ရတော့မလဲ။
နင်ရောက်လာပြီး နင် ဒါတွေဆက်လုပ်ပေးလေ လို့ပြောဖို့ ငါမျှော်လင့်နေတာ။
အဲ့ဒီညကသာ ငါတို့စကားပြောရတာနောက်ဆုံးမှန်းသိခဲ့ရင်...
အဲဒီမနက်ကသာ ငါ နင့်ကို သတိလှမ်းပေးမိခဲ့ရင်...
နင် အခုရောက်နေတဲ့လမ်းမှာ အဆင်မပြေဖြစ်နေခဲ့ရင်...
ငါသာ ဒီအလုပ်တွေကို နင်နဲ့တုန်းကလို ဆက်မလုပ်နိုင်ခဲ့ရင်...ဒီအတွေးတွေနဲ့ ငါကြောက်နေတယ် သူငယ်ချင်း။ ငါတာဝန်မကျေမှာကြောက်တယ်။ ငါ နင့်အပေါ်တာဝန်မကျေမိမှာကြောက်တယ်။
သူငယ်ချင်းရေ...ငါတို့ ပြန်တွေ့ကြတဲ့အခါမှပဲ တာဝန်ကျေသလား မကျေသလား စာရင်းရှင်းကြမယ်။ မြန်မလား နှေးမလားတော့မသိရဘူးပေါ့။
ငါတို့အမြဲပြောနေကြအတိုင်းပဲ နင့်ရဲ့ နောက်ဆုံးခရီးမှာလည်း Take care နော်။
နင် တာဝန်ကျေခဲ့ပါပြီ။ နင် လုပ်နိုင်သလောက်လုပ်ခဲ့ပြီးပါပြီ။ အနားယူလိုက်ပါတော့။#14721
#pmt
KAMU SEDANG MEMBACA
နွေဦးရက်စွဲများ
Puisiနွေဦးတော်လှန်ရေးမှ သူရဲကောင်းများအတွက် အနုပညာဖြင့် စိတ်ခွန်အား တစ်စုံတစ်ရာဖြစ်လိုဖြစ်ငြားဆန္ဒဖြင့်။