"ဟင် ရိပေါ်"
ရှောင်းကျန့် ထထွက်သွားတဲ့ အရိပ်လေးကို အိမ်တံခါးဝရောက်မှမြင်လိုက်တာမို့ ဘေးကတွဲပေးထားတဲ့ ရှင်းရှင်းလက်ကိုလွှတ်လိုက်ပြီး အရိပ်လေးနောက်ပြေးလိုက်ရတယ်။ ဒါပေမယ့် ရိပေါ်ကတော့ ခြံထဲကနေ မောင်းထွက်သွားခဲ့ပြီဖြစ်တယ်။
"သား ဘယ်တုန်း"
ရှောင်းကျန့် ကားသော့ယူဖို့ အပေါ်ပြန်ပြေးအတက်မှာ မားကမေးလာတာမို့ ဖြေရသေးတယ်။
"မနက်စာ စားသွားဦးလေ သားရယ် ရှင်းရှင်းလည်း နေကောင်းသေးတာမဟုတ်ဘူး"
"မနေ့ညက ကျွန်တော် စောင့်ပေးခဲ့တာ ဘာမှထူးထူးခြားခြားမဖြစ်ဘူးဆိုတော့ စိတ်ချရလောက်ပါပြီ။ ကျွန်တော် လီလီ့ကိုခေါ်ပေးခဲ့မယ်။ ရိပေါ်ကိုမနေ့ကတည်းက အကြောင်းတောင်မကြားရဘဲ ထားခဲ့ရတာ။ ကျွန်တော်ပြန်မှဖြစ်မယ်"
ရှောင်းကျန့် မားကိုပြတ်ပြတ်သားသားပြောလိုက်ပြီး လှေကားထစ်တွေကိုအတက်
"အမလေး ရှင်းရှင်း! သားရေ လုပ်ပါဦး ရှင်းရှင်းလေး လဲကျသွားလို့"
ရှောင်းကျန့် ရှေ့တိုးမရ၊ နောက်ဆုတ်မရနဲ့။ ရိပေါ်နောက်ကို လိုက်သွားချင်တယ်။ ဒါပေမယ့် ရှင်းရှင်းက သူ့ကလေးကိုလွယ်ပေးထားရတဲ့သူ။
ရှောင်းကျန့် သက်ပြင်းတစ်ချက်ချလိုက်ရင်း အောက်ပြန်ဆင်းခဲ့လိုက်ရတယ်။ ရိပေါ်ကိုတော့ နောက်မှပဲသေချာတောင်းပန်ရတော့မှာပဲ။ နားလည်ပေးလောက်မှာပါ။ ရိပေါ်ကသူ့ကိုချစ်တာပဲ။
ရှောင်းလင်မယားလည်း ကိုယ်စီ သက်ပြင်းတွေကြိတ်ချလိုက်ကြရတယ်။ မတတ်နိုင်ဘူး။ သားကိုကောင်းစေချင်တာကို အပြစ်မြင်မယ်ဆိုရင်လည်း မြင်ပါစေတော့ နောက်ပြဿနာနောက်ကြည့်ရှင်းရမှာပဲ။
_
ဒီလိုနဲ့ ရှောင်းကျန့် ရှောင်းအိမ်တော်မှာ သုံးရက်လောက်ဆက်နေလိုက်ရတယ်။ ရှင်းရှင်းကလည်း အားနည်းနေတာမို့ မားတို့ကသူ့ကိုပေးမပြန်။ လီလီကလည်း ဆေးရုံမှာဂျူတီတွေဆက်နေတာနဲ့ လှမ်းခေါ်လို့မရတာကြောင့် ရှောင်းကျန့်ပဲဆက်နေလိုက်ရတာပါပဲ။