လျှို့ဝှက်ချက်တွေက လူကိုအန္တရာယ်ပေးတတ်တာမှန်ပေမဲ့ တစ်ခါတစ်လေတော့လည်း လျှို့ဝှက်ချက်တစ်ခုကိုမျှဝေထားတဲ့လူတွေကြားမှာ ပိုပြီးခိုင်မာတဲ့ချည်နှောင်မှုမျိုးရှိလာတတ်တယ်။ဒါကကျွန်မကိုယ်တွေ့။
အဲ့ဒိနေ့ကကျွန်မယောက်ျားမွေးနေ့မို့လို့ လမ်းထဲကအိမ်တစ်ချို့ကိုကြက်ဆီထမင်းချက်ပြီး ဖော့ဘူးလေးတွေနဲ့လိုက်ပို့ဖြစ်တယ်။တစ်ချို့ကလည်း တံခါးလေးဟရုံဟပြီး ကျွန်မပေးတဲ့ဘူးကိုယူသွားတတ်တယ်။တစ်ချို့ကလည်း တံခါးကိုအကျယ်ကြီးဖွင့်ပြီး သူတို့ဘဝကြောင်းပြောရင်း ကျွန်မဘဝကိုစပ်စုကြတယ်။တစ်ချို့အိမ်တွေကလည်း သော့ခတ်ထားတယ်။
သဲဖြူတို့အိမ်ရှေ့ရောက်တော့ခြံတံခါးက သော့မခတ်ထားဘူး။လူဝင်လို့ရရုံလေးပွင့်နေတယ်။ကျွန်မလည်းခြံထဲဝင်ပြီးမှပဲ တံခါးခေါက်တော့မယ်ဆိုပြီး လှမ်းဝင်လိုက်တယ်။ခြံထဲမှာ သစ်ပင်ပေါက်လေးတွေ၊ပန်းပင်ပေါက်လေးတွေအများကြီး။စီစီရီရီစိုက်ထားတဲ့ သစ်ပင်လေးတွေကအတန်းလိုက်အတန်းလိုက်။တစ်ချို့ကခြုံပုတ်လိုလိုလေးတွေ၊တစ်ချို့ကလည်းနွယ်တက်မယ့်ပုံစံရှိတဲ့ နွယ်ပင်မျိုးလေးတွေ။ခြုံပုတ်လိုအပင် လေးတွေဘေးမှာတော့ လူ၃ယောက်လောက်ထိုင်စီးလို့ရတဲ့ အပြာရောင်ဆေးသုတ်ထားတဲ့ဒန်းလေးတစ်ခု။
အိမ်တံခါးရှေ့ရောက်တော့ တံခါးကို၃/၄ချက်လောက်ခေါက်လိုက်တယ်။အသံမကြား။နောက်တစ်ခါထပ်ခေါက်သည်။အထဲကဘာသံမှမကြား။ကျွန်မသိသလောက်တော့ သဲဖြူတို့အိမ်က လူငယ်လင်မယားနှစ်တွဲအတူနေတာ။ဘယ်လိုတွေပါတ်သတ်နေတာလဲတော့သေချာမသိ။၄ယောက်တောင်နေတဲ့အိမ်မှာ တစ်ယောက်မဟုတ်တစ်ယောက်တော့ကြားသင့်တယ်လို့တွေးမိပြီး စိတ်ထဲတစ်မျိုးဖြစ်သွားတာနဲ့ ဆက်မခေါက်တော့ဘဲ တံခါးလက်ကိုင်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တယ်။တံခါးကချက်မချထား။ကျွန်မလှည့်လိုက်တာနဲ့အတူတဖြည်းဖြည်းချင်းပွင့်လာသည်။ခြေသံကိုဖွဖွလေးနင်းပြီးအထဲကိုဝင်လိုက်တယ်။တံခါးကိုတော့ပြန်မပိတ်ဘဲဟရုံဟထားခဲ့လိုက်တယ်။
အိမ်ကအရှေ့နဲ့အနောက်ကိုအပိုင်းခွဲထားပြီး ကြားထဲမှာ တံခါးတစ်ခုခံထားတယ်။အနောက်ပိုင်းမှာထပ်အပိုင်းခွဲထားသေးလားတော့မသိ။အရှေ့ဘက်ခေါင်းရင်းမှာတော့ ဘုရားစင်နဲ့အတူ ဘေးမှာက စာအုပ်စင်။ ခြေရင်းဘက်အလယ်မှာတော့ ထမင်းစားပွဲခုံအဝိုင်းလိုစားပွဲမျိုးကို ဘေးမှာခုံတွေနဲ့။စားပွဲပေါ်မှာလည်း စာအုပ်တွေ၊စာရွက်တွေနဲ့ရှုပ်ပွနေသည်။ ခြေရင်းဘက်၏အိမ်အတွင်းပိုင်းမှာ ငါးကန်တစ်ကန်လည်းရှိတယ်။ငါးကန်ကတော်တော်လေးကြီးသည်။အထဲမှာရောင်စုံငါးလေးတွေကအစုံ။အပေါ်မှာ နီယွန်မီးချောင်းလေးတွေထွန်းထားပြီး အထဲကအပင်လေးတွေရယ်၊သန္တာကျောက်လိုအခက်လေးတွေရယ်နဲ့။ကျွန်မသိသလောက်တော့ရွှေငါးလေးတွေရယ်၊အိန်ဂျယ်အဖြူလေးတွေရယ်ပဲ အမျိုးအစားခွဲတတ်သည်။နောက်မှမေးကြည့်ရမယ်လို့တောင်တွေးလိုက်သေးတယ်။
YOU ARE READING
အိမ်ရှင်မတို့လျှို့ဝှက်ချက်
General Fictionလျှို့ဝှက်ချက်တွေ၊လူမှုရေးဖောက်ပြန်မှုတွေ၊မဖော်ရသေးတဲ့အလောင်းတွေနဲ့ပြည့်နေတဲ့ သီရိစံပါယ်လမ်း။ကိုယ့်ဘေးအိမ်ကအိမ်နီးချင်းအကြောင်းဘယ်လောက်သိထားတယ်လို့ထင်လဲ။သူတို့ကို သေချာဂရုစိုက်ကြည့်မိပြီဆိုတာနဲ့ အရင်ကသတိမထားခဲ့တဲ့ အရာတွေကို ဖြေးဖြေးချင်းသတိထားမိလ...