"အေးနေပြီလားဟင်..."ရိပေါ်လက်ဖောင်းဖောင်းကလေးတွေကို သူ့လက်ဖဝါးကြီးကြီးတွေထဲ တယုတယဆုပ်ကိုင်လို့ အာငွေ့ပေးရင်း ကိုကိုက မေးလာတယ်။ ကိုကိုဆင်ပေးထားတဲ့ ယုန်မွှေးကော်လာတပ်နှင်းကာဝတ်ရုံထူထူက ယုန်မွှေးတွေက ရိပေါ် လည်တိုင်ကို နွေးထွေးနေအောင် လုပ်ပေးထားတဲ့အပြင် ရိပေါ်လည်တိုင်ရှင်းရှင်းကို ပိုကြည့်ကောင်းအောင် ထောက်ပံ့ထားသေး။
"နည်းနည်းတော့အေးတယ်ကိုကို...လူလဲ ရှုပ်တယ်နော် ရိပေါ်နေရတာ အဆင်မပြေဘူးရယ်"
ရိပေါ်ရဲ့စကားကိုကြားတာနဲ့ ကိုကိုက ပျာပျာသလဲ ရိပေါ်ပါးလေးတွေ နားရွက်လေးတွေကို လက်နဲ့ ဖွဖွကိုင်လို့ အနွေးဓာတ်ရအောင် ပွတ်သပ်ပေးပါတယ်။
"မြို့တော်က ကိုကိုတို့ နယ်ထက် အအေးပိုတယ် အသည်းဦးရယ် ကိုကိုက အရင်တစ်ခါကလဲ ဒါကြောင့်ပဲ ခေါ်ဖို့တွေဝေခဲ့တာ အခုက လူကြီးတွေက ခေါ်တာရော အသည်းဦးကိုလဲ ကိုကိုက နောက်တစ်ခါတစ်ယောက်တည်းမထားခဲ့ချင်လို့ပါကွယ်...နည်းနည်းတော့ အအေးကဲပေမယ့် ကိုကိုက တည်းမယ့်နေရာရောက်ရင် တစ်ခုခုစီစဥ်ပေးမယ်နော်.... "
ဟုတ်ပါတယ်။ ရိပေါ်တို့မြို့တော်ကို ရောက်နေကြတာ။ အရီးတော်ရဲ့ အမျိုးသားကို နှင်လွှတ်တဲ့ရလဒ်က မြို့တော်က အကြီးအကဲတွေထိပေါက်ရောက်သွားပြီး ကိုကို့ကိုရော ရိပေါ်ကိုရော မြို့တော်ကို အခေါ်လွှတ်လိုက်တာပါပဲ။ တကယ်ဆို ကြိမ်းသေပေါက်အပြစ်ပေးခံရမှာမို့ ကိုကိုက စိတ်ပူနေရမှာကို ကိုကို့ကို ကြည့်ရတာ ရိပေါ် အေးနေမှာကိုပဲ ပူပန်နေပုံ။ ခုလည်းအတင်းထွေးဖက်ထားပြီး နဖူးကို ဖွဖွနမ်းလာတယ်။
"ကိုကို့... လူရှိတယ်လေ"
ကိုကိုက နေရာမရွေးကြင်နာပြတတ်ပေမယ့် မြို့တော်ဖြစ်နေတာရော အကြီးအကဲအိမ်တော်က လွှတ်လိုက်တဲ့ အကြိုကားနဲ့ ဒရိုင်ဘာဖြစ်နေတာရောမို့ ကိုကို့အပေါ်အမြင်မစောင်းစေချင်။ ပြီးတော့ မသိတဲ့နေရာ မသိတဲ့လူတွေမို့ ရိပေါ်က ရှက်ပါတယ်။
"အသည်းဦးကလဲကွာ...."
ကိုကို့ဆီက အတင်းခွာထွက်ပြီး ဘေးတစ်ဖက်ကို ပိုတိုးလို့ထိုင်တော့ လူချောကြီးက မကြည်ချင်။ ညည်းညူသလို ရေရွတ်ရင်း မျက်နှာခန့်ခန့်ကို မှုန်ကုပ်လို့ထားတယ်။
ဟော.... နေပါဦး... ဒါက မျက်ရည်ဝိုင်းပြီ ခေါင်းငုံ့သွားတာလား....။