တိမ်တွေက ညို မိုးက ပြိုတယ်။ ဝမ်အိမ်ရဲ့ အသည်းညှာကလေးက ငိုပါတယ်။
"အိပေါ်လေးရယ် မမက တမင်မပြောပဲထားတာမှမဟုတ်ပဲကွယ် "
တစ်အိမ်လုံးက အလိုလိုက်ထားသူလေးမို့ သူသိပ်ချစ်ရတဲ့အစ်မက အိမ်ထောင်ပြုရတော့မယ် ဆိုတဲ့အခါ ဝမ်ရိပေါ်က ငိုပါတယ်။ မမနဲ့သူ အသက်ကွာပေမယ့် ဒီလိုအချိန်မြန်မြန်ရောက်လာမယ်လို့ ရိပေါ်မထင်ခဲ့ပါဘူး။ မြို့ထဲ အလည်သွားပြီး ပြန်လာကာမှ မမကို စေ့စပ်ကြောင်းလမ်းမယ့်လူနဲ့ တွေ့ဆုံပေးပြီး အပြန်အလှန်လေ့လာဖို့ အိမ်မှာ ဧည့်ခံပွဲလေးတစ်ခု လုပ်ပေးမယ်ဆိုတဲ့အကြောင်း တစွန်းတစကြားလို့ ရိပေါ်သိရပါတယ်။ သိပ်စိတ်ဆိုးတာပါပဲ။ ရိပေါ်ကို ပြောပြထားခဲ့သင့်ပါတယ်။ ဝမ်အိမ်သခင်ကြီးနဲ့ သခင်မကြီးက အသက်အရွယ်ကြီးကာမှ ထပ်ရတဲ့ ကလေးမို့ ရိပေါ်ကို ဖူးဖူးမှုတ် တစ်အိမ်လုံးက ဂရုစိုက်ကြပါတယ်။ ဒါပေမယ့်လို့ ရိပေါ်က မမကို အချစ်ဆုံးလေ။ မပေးချင်ပါဘူး သူများလက်ထဲကို။ ခုတည်းက မမကို ရိပေါ်ဆီက လုမယ့်လူကို မုန်းရပါတယ်။
တုံ့ပြန်စကားမဆိုပဲ ခေါင်းအုံးကို မျက်နှာအပ်လို့ ကြိတ်ငိုတဲ့ ရိပေါ်ကြောင့် မမက သက်ပြင်းချတယ်။
" မမတို့ ငြင်းလို့မရဘူး အိပေါ်လေးရဲ့ မေမေကြီးတို့ ရှိစဥ်အခါတည်းက စီစဥ်ထားတဲ့ ကိစ္စလေကွယ်"
မမဘယ်လိုပဲချော့ချော့ မမက ရိပေါ်ကို ထားပြီး လက်ထပ်တော့မှာပါပဲ။ မမအသက်က သုံးဆယ်ကျော်ပြီမို့ လက်ထပ်ရမယ့်အရွယ်ဆိုတာ ရိပေါ်လဲ သိပါတယ် ဒါပေမယ့်လည်း မပေးချင်ပါဘူး ။ တွေးရင်းနဲ့ကို ရိပေါ်က ဝမ်းနည်းလာပြီး ရှိုက်ရှိုက်ငိုပါတယ်။ ရှောင်းအိမ်တော်ဆိုတာကြီးကိုလဲ မမြင်ရသေးခင် အရမ်းစိတ်ဆိုးနေပါပြီ။ ကြည့်စမ်းပါဦး ဒီဘက်ခေတ်ကြီးထဲမှာတောင် တော်ဝင်သွေးပါလို့ ဒုတိယဇနီးတောင် ထားလေ့ရှိပါသေးသတဲ့။ ရိပေါ်ဖြင့် မမကို အဲ့ဒီအိမ်တော်ကို မပေးလိုက်နိုင်ပါဘူး။
" မနက်ဖြန် ရှောင်းအိမ်က သခင်လေးတို့ ရောက်မယ် ရိပေါ်က လိမ္မာပေးနော် မမအတွက်ပဲဖြစ်ဖြစ်လေ"