“ငါမင်းကို ချစ်တယ်”
သူသည်စကားကို ပြောဖို့ တစ်ဘဝလုံးစာ သတ္တိကို စုပြီး သူခိုးစိတ်မွေးခဲ့ရသည်။ပွဲလန့်တုန်းဖျာဝင်ခင်းနိုင်သည့် သူခိုးသတ္တိမျိုးရှိမှ အသည်းကွဲလက်စ လူတစ်ယောက်ကို ရဲရဲကြီး ဖွင့်ပြောနိုင်မည်မဟုတ်ပါလား။
ဤမျှလောက် တိုတောင်းသည့် စကားတစ်ခွန်းသည် သည်လောက်တောင်ပဲ ကြောက်ရွံ့ရင်ဖိုစရာကောင်းလှကြောင်း သူမသိခဲ့ရိုး အမှန်ပင်။ကြည်နူးစရာကောင်းသော ချစ်စကားသည် ချစ်ရသူအား အပူတပြင်းအပိုင်သိမ်းလိုသည့်ဆန္ဒကိုသာ ရှေ့တန်းတင်ခဲ့သည့် သူ့အတွက်တော့ နှလုံးသားတစ်ခုလုံး ကျောက်ဆူးနှင့် အဆွဲခံထားရသလို လေးလံနာကျင်လို့နေစေပေ၏။
“ဟုတ်လား”
ဂျွန်သည် သူ့ကို ကျောပေးရပ်ထားပြီး ခံစားချက်အလျဉ်းမရှိသော အသံဖြင့် မေးလာ၏။သူ့ပုံစံက ဝတ်ကျေတန်းကျေ တုံ့ပြန်နေသလိုပင်။
သင်္ချိုင်းတစ်ခု၏ အလယ် မိုးဖွဲဖွဲကျနေသည့် မြက်ခင်းပြင်ပေါ်တွင် သူတို့သည် သေဆုံးခြင်းနှင့်မလိုက်ဖက်စွာသော စကားတို့ကို အသက်မဲ့စွာ ပြောဆိုနေခဲ့ကြသည်။
ထယ်ယောင်း ရှိသမျှသော စိတ်ခွန်အားတို့ကို စုစည်းလိုက်ပြီး နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။
“ဟုတ်...ဟုတ်တယ် ငါမင်းကို ချစ်တယ်။အထက်တန်းကျောင်းမှာကတည်းက မင်းကို ချစ်ခဲ့တယ်။ငါဒီအချိန်မှာ ဒီလိုစကားမျိုး မပြောသင့်မှန်း သိပေမယ့် မင်းငါ့ကို စဉ်းစားပေးဖို့ မျှော်လင့်တယ်”
သူ တကယ်ပဲ ဘဝမှာ ပထမဆုံး တကိုယ်ကောင်းဆန်လိုခဲ့ခြင်းဖြစ်ပါသည်။သူ့ရှေ့က ပတ်ဂျီမင်၏ ကျောက်တိုင်ကိုလည်း သူမငဲ့နိုင်အားတော့။
ဂျွန်သည် သူ့ကို အပြုံးမမည်သော အပြုံးတစ်ခုဖြင့် လှည့်ကြည့်လာသည်။၎င်းအပြုံးသည် သူ့တကိုယ်လုံး ကျဆင်းနေသော မိုးဖွဲဖွဲထက်ပင် အေးခဲတောင့်တင်းသွားစေ၏။
သူ သူ့ကို လှောင်နေသည်။စိတ်ပျက်အားလျော့ခြင်းများ၊သရော်လိုခြင်းများ ပြည့်နှက်နေသော ထိုမျက်လုံးနက်များသည် သူ့နှလုံးအိမ်ကို အရှင်လတ်လတ် ဆွဲစုတ်လိုက်သလိုပါပင်။သူ့နှလုံးသားမှ ဒဏ်ရာနှင့် သွေးစီးကြောင်းကို မိုးရေအေးအေးနှင့် ဆေးချခံလိုက်ရသလို နှလုံးသား၌ အတိုင်းမသိသော နာကျင်စပ်လောင်မှုမျိုး ပေါ်ပေါက်လာခဲ့၏။
YOU ARE READING
The Second Ending(Eden Contest)
Fanfictionတချို့နှလုံးသားတွေက ကမ္ဘာကြီးရဲ့ နိယာမတွေထက်တောင် ခိုင်ခံ့ကြတယ်။ မင်းဟာ အချိန်ကို အရူးလုပ်နိုင်တဲ့ ဖန်ဆင်းရှင်တစ်ယောက်ဖြစ်လာခဲ့ရင်တောင် ဒါကို မပြောင်းလဲနိုင်ဘူး။ Cover by Jaejoong Htike