Unicode Version
လူတိုင်းရဲ့ ဘဝမှာ လမ်းပျောက်သွားတဲ့ အခိုက်အတန့်ဆိုတာ ရှိတတ်ကြတာပဲ ။
တစ်ခါတစ်ရံကျတော့ ကိုယ်လျှောက်နေတဲ့ လမ်းက မှန်ရဲ့လား ? ကိုယ့်အိပ်မက်တွေနောက်လိုက်နေမိတာ မှန်ရဲ့လား ? ဆိုတဲ့ မရေမရာ ဝေဝါးမှုတွေ ဖြစ်မိတဲ့ အခိုက်အတန့်တွေလည်း ရှိတတ်ကြတယ် ။
အဲဒီလို အခိုက်အတန့်မျိုးမှာ မထင်မှတ်ဘဲ တွေ့ခဲ့ရတဲ့ တောက်ပမှုတစ်ခုက ဘဝမှာ မှတ်မှတ်ထင်ထင် ရှိနေခဲ့တာ ။
အဲဒီတောက်ပမှုကပဲ အိပ်မက်တွေဆီကို လိုက်ဖို့ လမ်းပြပေးတဲ့ ကြယ်လေးတစ်လုံး ဖြစ်နေခဲ့တယ်.... ဆိုပါတော့... ။
**********
ထိုနေ့က တွေဝေမှုတွေ ၊ ဇဝေဇဝါဖြစ်မှုတွေပိုက်ရင်း လေးလံနေခဲ့သည့် သူ၏ ခြေလှမ်းတစ်စုံဟာ လေထုထဲက သံစဉ်တစ်ခုကြောင့် တန့်ရပ်သွားခဲ့ဖူးသည် ။ သံစဉ်ခေါ်ဆောင်ရာဆီ လိုက်ခဲ့ရင်း စေ့ပိတ်ထားသည့် တံခါးချပ်တွေကို တွန်းဖွင့်မိချိန် အတွင်းက အဟုန်တစ်ခုနှင့် တိုးထွက်လာသည့်သံစဉ်ဟာ သူ့ကို ပွေ့ဖက်ပြီး ဆွဲခေါ်လိုက်သည့်နှယ် သူ၏ ခြေလှမ်းတွေက ခန်းမဆောင်ထဲ ရောက်သွားခဲ့သည် ။ ထို့နောက် သူ၏ ခြေလှမ်းများက ခန်းမဆောင်ထဲမှ စင်မြင့်တစ်ခုဆီသို့ တစ်လှမ်းချင်း တိုးသွားနေမိသည် ။ ထိုစင်မြင့်အနားကို သူနီးကပ်လာတိုင်း သံစဉ်ဟာ ပိုမိုမြိုင်ဆိုင်လာသလို အရာရာကိုလည်း သူ ပိုမိုရှင်းလင်းစွာ မြင်လာရသည် ။
မြူးကြွလန်းဆန်းစေသည့် ထိုသံစဉ် ။ ထိုသံစဉ်ကို တီးခတ်နေခဲ့သည့် စင်မြင့်ထက်မှ ကောင်လေးတစ်ယောက် ။ ထိုကောင်လေး၏ ဘယ်ဘက် လက်ချောင်းလေးများက ပုခုံးထက်မှာ တင်ထားသည့် တယောလေး၏ ကြိုးများပေါ်တွင် သွက်လက်စွာ လှုပ်ရှားလျက်ရှိပြီး ကျန်လက်တစ်ဖက်က ဘိုးတံကို စီးချက်ညီညီ ဆွဲတင် ဆွဲချ လှုပ်ရှားလျက်ရှိသည် ။ သံစဉ်နှင့်အတူ လှုပ်ယမ်းသွားသည့် သူ၏ ပါးလျလျ ကိုယ်ခန္ဓာ ၊ ခေါင်းနောက်မှာ စုစည်းထားပေမယ့် အလုံးစုံ မမီတာကြောင့် နားသယ်စနား လွင့်ဝဲကျနေသည့် အနက်ရောင်ဆံနွယ် တချို့ ၊ သူကိုယ်တိုင် ဖော်ဆောင် တီးခတ်နေသည့် သံစဉ်နှင့်အတူ စီးမြောရင်း မှိတ်ထားခဲ့သည့် မျက်လုံးတစ်စုံ ၊ ကွေးညွှတ်နေခဲ့သည့် နှုတ်ခမ်းပါးလေး ။ ထိုအခိုက်အတန့်၌ စင်မြင့်ထက်မှ သူဟာ အနိမ့်အမြင့် အတက်အကျများလွန်းသည့် သံစဉ်နှင့်အတူ တသားတည်းကျနေပြီး သံစဉ်သည်သူ ၊ သူသည်သံစဉ် ဖြစ်နေသည့်နှယ် ။

ANDA SEDANG MEMBACA
Because of you
Romantikaလူတိုင်းရဲ့ ဘဝမှာ လမ်းပျောက်သွားတဲ့ အခိုက်အတန့်ဆိုတာ ရှိတတ်ကြတာပဲ ။ တစ်ခါတစ်ရံကျတော့ ကိုယ်လျှောက်နေတဲ့ လမ်းက မှန်ရဲ့လား ? ကိုယ့်အိပ်မက်တွေနောက်လိုက်နေမိတာ မှန်ရဲ့လား ? ဆိုတဲ့ မရေမရာ ဝေဝါးမှုတွေ ဖြစ်မိတဲ့ အခိုက်အတန့်တွေလည်း ရှိတတ်ကြတယ် ။ အဲဒီလို အခ...