(U)
~2021~
"ဘိုးဘိုးကြီး သားတို့ဝင်လာပြီနော်...."
အခန်းတွင်း ခုတင်ဘေးက ဝှီးချဲပေါ်တွင်ထိုင်ကာ
အပြင်မှ ခွင့်တောင်းလိုက်သော ကျွန်တော့်အသံကို
ဘာတုံ့ပြန်မှုမှ မပေးသော ကျွန်တော်တို့မြစ်လေးယောက်၏
ဘိုးဘိုးကြီးသည် အသက်အားဖြင့် (၉၇)ကျော်လို့ (၉၈)ပြည့်တော့မည်ဖြစ်သည်။အခန်းတွင်းသို့ ကျွန်တော်တို့လေးယောက်နှင့်အတူ
ဖေဖေ၊မေမေတို့ကပါ အတူဝင်ပြီး ဘိုးဘိုးကြီးအရှေ့သို့
လေးပေလောက်ထိရှည်တဲ့ ဘောင်နှင့်ကားချပ်ကြီးတစ်ခုကိုယူဆောင်လာခဲ့သည်။အသက်တစ်ရာနီးပါးဆိုပေမယ့် မျက်မှန်တပ်စရာမလိုလောက်အောင်
မျက်လုံးအားကောင်းသော ဘိုးဘိုးကြီးက မရယ်မပြုံး ခပ်အေးအေးမျက်နှာထားနှင့် မေးသည်။"ဘာကြီးလဲကလေးတို့ရဲ့"
ဖေဖေ၊မေမေတို့က ဘိုးဘိုးကြီးရဲ့အနောက်မှာသွားရပ်နေပြီး
ကျွန်တော်နှင့် မမကြီးက ဘောင်ကြီးကို ကိုင်ကာ
မမလတ်နှင့်မမလေးက ဘောင်ကို အုပ်ထားသော စက္ကူစများကို
တစ်လွှာချင်းခွာချနေသည်။စက္ကူစများကုန်လွန်သည်နှင့် တစ်ရိပ်ရိပ်ပေါ်လာသော
ပန်းချီကားချပ်က ဘိုးဘိုးကြီး၏ စိတ်ဝင်စားမှု
မင်သက်အံဩမှုနှင့် အကြည့်တို့အားလုံးကို
တစ်ချပ်ချင်းယူဆောင်နေတော့သည်။
အသက်အရွယ်အရ ထူပြီးတွန့်နေတဲ့ ဘိုးဘိုးကြီး၏
နှုတ်ခမ်းတို့သည် တင်းတင်းစေ့နေရာမှ အနည်းတွန့်ချိုးသွားသည်။
ဤသည်မှာ ခိုးဝှက်၍ ပြုံးလိုက်ခြင်းဖြစ်သည်။
အသက်ကြီးပြီဖြစ်သောကြောင့် မီးခိုးရောင်သမ်းနေသော
မျက်တွင်းသားမှလည်း အရည်ကြည်တို့ ခပ်ပါးပါးစိမ့်ထွက်လာခဲ့သည်။
ပါးပေါ်သို့ပြုတ်မရစေရန် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
ကျွန်တော်တို့လေးယောက်ကို တစ်လှည့်စီ ကြည့်ကာ
ဟောင်းလောင်းဖြစ်နေသော သွားဖုံးများပေါ်သည်အထိ
ရယ်တစ်ဝက်ပြုံးတစ်ဝက်နှင့် လုပ်နေသော ဘိုးဘိုးကြီးကို
ကြည့်ရင်း ကျွန်တော့်စိတ်ထဲ အသည်းယားချင်လာသည်။
သွားမရှိတဲ့ကလေးတစ်ယောက်က လိုချင်တာရလို့
ပြုံးတဲ့အပြုံးမျိုးပြုံးပြနေတာ.......။
ကျွန်တော် ဘိုးဘိုးကြီးအနားဝင်ထိုင်ရင်း ပါးကိုအားနှင့်ဖိကာ
နမ်းရှုံ့ပစ်လိုက်သည်။
"ဘိုးဘိုးကြီးကြိုက်လားဟင်"