အပိုင်း(၁၀)
Uni Ver ~~
ရေချိုးခန်းထဲမှာ ဘေစင်ကိုလက်ထောက်ပြီး သူရပ်နေခဲ့တာကြာပြီ။ ညီညီဆီကပြန်လာကတည်းကဆိုပါတော့။
အရှေ့ကမှန်ကိုမော့ကြည့်လိုက်မိတော့မှ သူ့မျက်နှာပေါ်မှာမျက်ရည်တွေစီးကျနေတယ်။
အဟက်... သူငိုနေမိတာပဲ။ အဖေနဲ့အမေဆုံးတုန်းကလွဲပြီး သူဘယ်လိုအခြေအနေမျိုးမှာမှ မငိုဖြစ်ခဲ့တာကြာပြီလေ။အခုတော့ ... ညီစေမင်းဆိုတဲ့ကောင်လေးကြောင့် သူငိုနေမိပြန်ပြီတဲ့လား။
သူ့မျက်စိရှေ့မှာမြင်နေရတဲ့ မျက်ရည်လည်ရွဲနဲ့အော်ဟစ်ငိုယိုနေတဲ့မျက်နှာငယ်လေးကြောင့် သူ့ရင်ထဲမှာလဲမချိမဆန့်ခံစားနေရသည်။
ဒီကလေး ၈နှစ်သားအရွယ်ကတည်းက ကိုယ်ပဲရင်အုပ်မကွာစောင့်ရှောက်ခဲ့တာမို့ ဖြစ်နိုင်ရင် သူလဲမရိုက်ချင် ... ရိုက်လဲမရိုက်ရက်။
ဒါပေမဲ့ ဒီကလေးကလဲသူမကြိုက်တာကိုတမင်ရွေးလုပ်သလားပင်ထင်ရသည်။ကိုယ့်ဒေါသကိုယ်သိတာမို့ စိတ်ထိန်းထားပေမယ့် အချိုးမပြေတဲ့ဒီကလေးရဲ့လုပ်ရပ်တွေက သူ့အတွက်လုံးဝခွင့်လွှတ်ပေးလို့မရ။
ဒါမှမဟုတ် သူကပဲအထိန်းအသိမ်းညံ့လို့လား ။သူအသုံးမကျလို့များ ဒီကလေးပျက်စီးနေတာလား။ မနှစ်ကလဲဆယ်တန်းမဖြေလိုက်ရဘူး။ ဒီနှစ်လဲ ကျူရှင်ပြေး ကျောင်းပြေး ထန်းရည်သောက် ဆေးလိပ်နဲ့ ဒီကလေးပျက်စီးနေပြီ။သူ့လက်ထဲမှာ ဒီကလေးပိုပြီးပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။ ဒိီ့ထက်ပိုကြီးလာလို့ ကိုကို့ကိုဆေးပါစွဲသွားရင် ဘယ်လိုလုပ်မလဲ။ကိုကို့လိုမဖြစ်စေရဘူးလို့ ဖေဖေ့ကိုစကားကြီးစကားကျယ်တွေပြောထားပြီး အခုကိုယ့်လက်ထဲရောက်မှ ကလေးကပိုပျက်စီးသွားသလိုပဲ။
အသက် ၁၇ နှစ်အရွယ်ကလေးကို အသက် ၃၁ နှစ်အရွယ်သူက မထိန်းသိမ်းနိုင်ဘူးဆိုတော့ သူတော်တော်အသုံးမကျတာပဲ။ သူက ကလေးနဲ့မခွဲချင်လို့ လောဘကြီးပြီးဖက်တွယ်ထားနေပေမယ့် သူ့လက်ထဲမှာနေရင်ကလေးကပိုပျက်စီးတော့မယ်။
သူ ဒီကလေးကိုလက်လွှတ်ပေးရတော့မလား။
ထက်ပိုင်ဦးရေချိုးပြီးအောက်ထပ်ဆင်းလာတော့ ဧည့်ခန်းထဲမှာမတ်တပ်ရပ်ပြီးစောင့်နေတဲ့ ညီစေမင်းကိုတွေ့လိုက်ရတယ်။