အပိုင်း(၂၄)
မနက်အိပ်ယာကနိုးသည်နှင့် ဦးကိုသတိရသည့်စိတ်က လူကိုပြင်းပြင်းထန်ထန်နှိပ်စက်သည်။
ဦးနဲ့တမိုးအောက်ထဲမှာ အတူတူမနေရတော့ဘူးဆိုတဲ့ အသိက သူ့ကိုရူးသွားမလားထင်ရအောင်ခံစားရစေသည်။ အရင်က ဒါတွေမတွေးမိခဲ့တာက ဦးနဲ့တစ်ခါမှခွဲမနေခဲ့ဘူးတာကြောင့်ပင်။ ဘယ်သွားသွား ကလေးအဖေကြီးလို့ သူ့ကိုခေါ်သွားတဲ့ ဦးကို သူအရမ်းလွမ်းနေပြီ။
ရန်ဖြစ်ပြီးထိုးကြိတ်ခံထားရတဲ့အပြင် ဦးဆီကပါအရိုက်ခံထားတာကြောင့် အရင်လိုဦး၏ရင်ခွင်ထဲတိုးဝင်ပြီး အယုယအပြုစုခံချင်တယ်။
ကိုယ်လက်တွေမအီမသာနဲ့ ဖျားချင်သလိုဖြစ်ပြီးခံတွင်းပျက်နေတာမို့ ဦးကိုယ်တိုင်လုပ်ကျွေးတဲ့ ခေါက်ဆွဲပြုတ်ပူပူလေးစားချင်တယ်။ ပြီးရင် .. ဦးကိုဖက်ပြီးတဝကြီးအိပ်ပစ်ချင်တယ်။ သူ့ရင်ထဲ ... သူ့အတွေးထဲမှာ ဦးနဲ့အစပြုတာတွေကအတောမသတ်နိုင်အောင်ပါပဲ။
အခုတော့ သူ့အမှားတွေကြောင့်... သူ့လုပ်ရပ်တွေကြောင့်... ဦးမရှိတဲ့မြို့မှာ သူရောက်နေရပြီ။ ဟိုး ..ငယ်ငယ်လေးကတည်းက သူ့ကိုမချစ်ခဲ့တဲ့ ဖိုးဖိုး...သူ့ကိုမရင်းနှီးတဲ့ဖိုးဖိုးအိမ်မှာ သူရောက်နေရပြီ။
ကိုယ့်အဘိုးအိမ်ဆိုပေမဲ့ ရင်းနှီးမနေတာကြောင့် အရင်လိုအိပ်ယာထဲမှာဇိမ်နဲ့မနေရဲဘဲ လွမ်းတဲ့စိတ်တွေကိုဖိနှိပ်ပြီး လူးလဲထရသည်။
ရေချိုးအဝတ်အစားလဲပြီးတော့ အောက်ထပ်က ထမင်းစားခန်းဆီသွားဖို့ပြင်ရသည်။ မနက်စာ စားချင်စိတ်မရှိပေမဲ့ ဖိုးဖိုးစောင့်နေမယ်ဆိုတဲ့အသိကြောင့် သူသွားရမည်ဖြစ်သည်။
" ဖိုးဖိုး နိုးတာကြာပြီလားဗျ "
ညီစေမင်း ထမင်းစားခန်းထဲရောက်တော့ ဖိုးဖိုးကအရင်ရောက်နှင့်နေပြီဖြစ်သည်။ ထိုင်ခုံမှာဝင်ထိုင်ရင်း သူနှုတ်ဆက်လိုက်တော့ ဖိုးဖိုးက လက်ထဲမှသတင်းစားကိုပိတ်ပြီး စားပွဲပေါ်ချကာ သူ့ကိုလှမ်းကြည့်သည်။
" အခုဘယ်အချိန်ရှိနေပြီလဲ ညီစေမင်း "
ရုတ်တရက်အချိန်ထမေးလိုက်တဲ့ ဖိုးဖိုးကြောင့် ညီစေမင်း ဘာပြန်ဖြေရမှန်းမသိ။ သူ့မှာ ဖုန်းလဲမရှိတော့သလို နာရီမပတ်ထားဘူးလေ။ ဘယ်အချိန်ရှိမှန်း သူဘယ်လိုလုပ်သိမလဲ။