အပိုင်း(၂၁)
"သီဟက ကိုယ့်အသဲလေးဆိုတော့ အသဲစားကွာ ဟဲဟဲ "
"အင်း ...မင်းက ငါ့အနှစ်လေးဆိုတော့ အမြစ်လေးစား ဟီးဟီး "
မျက်စိရှေ့ ရှုပ်ယှက်ခတ်နေတဲ့ အသဲအမြစ်ဟင်းပန်းကန်နဲ့ ကြားနေရတဲ့စကားအသံတွေကြောင့် ညီစေမင်းအန်ချင်စိတ်ကထိန်းမရတော့။ ကိုယ့်အတွေးတွေနဲ့ကိုယ် လောင်နေပါတယ်ဆို ဒီေ-ာက်အတွဲတွေကတမျိုး။လက်ထဲကကုန်ခါနီးစီးကရက်ကိုတရှိုက်ဖွာပြီး မြေပေါ်ပစ်ချပြီးနင်းချေပစ်လိုက်သည်။
"ငါ့ကောင် ညီညီ။ အိုလှချည်လားကွ မင်းရုပ်က။ ဘာဖြစ်နေတာလဲ မင်းဘိုးတော်ကဆူလိုက်လို့လား "
ငစိုင်းက ရုပ်ပျက်နေတဲ့သူ့ကို သတိထားမိသွားပြီး မေးတော့မှ ဟိုအချစ်ငှက်နှစ်ကောင်ကလဲ သူ့ကိုပြူးတူးပျာတာကြည့်လာကြသည်။
ညီစေမင်း စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကိုလက်နဲ့ခပ်ကြမ်းကြမ်းထိုးဖွပြီး သက်ပြင်းချလိုက်မိတယ်။ ထို့နောက် သူ့ကိုငေးနေကြတဲ့ သူငယ်ချင်းသုံးယောက်နဲ့မျက်လုံးချင်းဆုံအောင်ကြည့်လိုက်ပြီး....
" မင်းတို့မျက်စိထဲမှာ ညီစေမင်းဆိုတဲ့ငါ့ကို ဘယ်လိုမြင်လဲ "
ညီစေမင်း အားကိုးတကြီးမေးလိုက်တာနဲ့ သုံးယောက်လုံး မဆိုင်းမတွတညီတည်းပြန်ဖြေလာသည်က ....
"လူလို့မြင်တာပေါ့ကွ။ ဘာလို့လဲ "
ဟုတ်ပါတယ်။ မေးမိတဲ့သူကိုက မှားတာပါ။ သူ့သူငယ်ချင်းသုံးယောက်က သူ့လိုကျပ်ပြည့်မတ်ပြည့်မွေးကြတဲ့သူတွေမှမဟုတ်တာ။ ဘယ်အားကိုးလို့ ရပါ့မလဲ။ ဒီမွေးကတည်းက ဦးနှောက်မပါတဲ့ကောင်တွေကို မေးမိတဲ့သူက မှားတာပါ။
"ဟေ့ကောင် မင်းရုပ်ကြည့်တာနဲ့ မင်းတခုခုဖြစ်နေမှန်းငါတို့သိပြီးသား။ ဂွေးတန်းလန်းထဲကပေါင်းလာတဲ့ကောင်တွ လာဖြီးမနေနဲ့။ မင်းဘာဖြစ်နေတာလဲ။ ငါတို့ကိုဘာမေးချင်နေတာလဲ။ လိုရင်းကိုသေချာပြော "
ငစိုင်းက စားလက်စထမင်းကိုဆက်မစားဘဲ အလေးအနက်ထားပြီးမေးလာတာမို့ ညီစေမင်းသက်ပြင်းဖွဖွချရင်း အကြောင်းမဲ့ အဝေးသို့ငေးလိုက်သည်။