အပိုင်း(၁၇)
Uni Ver ~~~
ထက်ပိုင်ဦးတို့တောင်ငူပြန်ရောက်တော့ ည ၉ နာရီခန့်ရှိနေပြီ။ ဝေယံနဲ့စိုင်းဝဏ္ဏကတစ်လမ်းတည်းသားတွေမို့ လမ်းထိပ်မှာပဲချပေးခဲ့ဖို့အတင်းပြောတာနဲ့ လမ်းထိပ်မှာပဲချပေးခဲ့လိုက်သည်။
သီဟကတော့ သူ့အဖေကို ထက်ပိုင်ဦးကိုယ်တိုင်ပြန်လိုက်ပို့ပေးပါ့မယ်လို့ ပြောထားတာမို့ သီဟအိမ်ကိုမောင်းလာခဲ့လိုက်သည်။
တောင်ငူကိုစဝင်ကတည်းက ဖုန်းဆက်ထားတာမို့ လမ်းထဲကိုကားကွေ့လိုက်တာနဲ့ ခြံရှေ့မှာထွက်စောင့်နေကြတဲ့ သီဟ၏မိဘတွေကို တွေ့လိုက်ရသည်။ အင်းလေ ဒီလောက်မိုးချုပ်နေပြီဆိုတော့ ဘယ်မိဘကစိတ်မပူဘဲနေမလဲ။
ထက်ပိုင်ဦးကားရပ်ပြီးဆင်းလိုက်တော့ သီဟအဖေကကားနားကိုသွက်သွက်ဆင်းလာတယ်။ သီဟကတော့ သူ့အဖေကိုပဲကြောက်လို့ပဲလားမသိ ချက်ချင်းမဆင်းသေးဘဲ ခဏကြာမှ ကုပ်ကုပ်လေးဆင်းလာသည်။
"ခွပ် .... ခွပ် ... ခွပ် "
"ခွေးကောင် မိဘကိုစိတ်ပူအောင်လုပ်တဲ့ကောင် မသိတတ်တဲ့ကောင် .. မင်းကြောင့်ငါကြာရင် အသက်တိုတော့မယ် သီဟနိုင်ရဲ့ သိလား "
သီဟ၏အဖေက သီဟကားပေါ်ကဆင်းတာနဲ့ သုံးချက်ဆင့်ထိုးကြိတ်ပြီး သီဟမြေကြီးပေါ်လဲကျသွားတော့လဲ ဒေါသတကြီးခြေထောက်နဲ့ဆောင့်ကန်တော့သည်။ သီဟ၏အမေကတော့ သူ့ယောင်္ကျားဒေါသကိုကြောက်တာကြောင့် ဝင်ဆွဲရဲပုံမပေါ်ဘဲ ကြိတ်ငိုနေရှာသည်။
"ထစမ်း ဟိတ်ကောင် .. အခုမှလာပျော့ဖပ်ပြမနေနဲ့ မိဘကိုစိတ်ပူရအောင် မျက်ရည်ကျအောင်လုပ်တဲ့ကောင်
"ခွပ် ... ခွပ် ... ခွပ် "
သီဟကိုအင်္ကျီကော်လံမှဆောင့်ဆွဲထူပြီး ထပ်ထိုးကြိတ်ပြန်သည်။
"တော်ပါတော့ အဖေကြီးရယ်။ သားလေးပင်ပန်းလာရှာမှာပေါ့ "
သီဟ၏နှာခေါင်းမှသွေးများပင်စီးကျလာပြီး မျက်နှာတစ်ခုလုံးလဲဖူးယောင်လာသည်။
ထက်ပိုင်ဦးလဲ သူများမိသားစုကိစ္စမို့ဝင်ဆွဲမပေးတော့ဘဲ ကားပေါ်ပြန်တက်ပြီး မောင်းထွက်လာခဲ့လိုက်တယ်။