≈ 0 U | PREFACE

62 2 0
                                    

PREFACE

ခေါင်းခွံကို တူနှင့်ထုနေသလို ဆူညံစွာ အော်မြည်နေသော နှိုးစက်သံကြောင့် Baekhyun စိတ်အခြေအနေ မအီမသာနှင့် အိပ်ရာမှ နိုးလာခဲ့သည်။ မျက်လုံးကို ဖြည်းဖြည်းဖွင့်လိုက်တော့ ညာဘက်မျက်လုံး အောက်ခြေက တစ်စုံတစ်ခုနှင့် ခပ်ကြမ်းကြမ်းပွတ်တိုက်မိထားသလို စပ်ဖျင်းဖျင်း ဖြစ်နေသည်။ ဘယ်လိုဖြစ်ထားသလဲတော့ Baekhyun မမှတ်မိ။ သေချာတာကတော့ မနေ့က သူ့ကို ဗိုလ်ကျတဲ့ကောင်တွေထဲက တစ်ယောက်ယောက် ချန်ထားရစ်ခဲ့တဲ့ ခြေရာလက်ရာတွေပဲ ဖြစ်လိမ့်မည်။

တစ်ကိုယ်လုံး နာကျင်နေသည်မို့ ဆက်အိပ်ချင်နေသေးသော်လည်း နှိုးစက်သံ ဆက်လက်မြည်နေလျှင် တစ်ယောက်ယောက်၏ အဆူအဆဲခံရတော့မှာ သေချာပေါက်မို့ Baekhyun နှိုးစက်ကို လှမ်းပိတ်ရန် အားယူထလိုက်သည်။ ပြီးလျှင် ကျောင်းသွားတက်ရန် ပြင်ဆင်ရတော့မည်။ ကျောင်းဆိုတာကြီးကို သူတက်ချင်စိတ် မရှိတာတော့ အမှန်။ ကျောင်းအမည်ခံသော ငရဲစင်စစ်ကို သွားချင်စိတ်ရှိတဲ့သူတော့ ဘယ်ရှိပါ့မလဲ။ သို့သော် Baekhyun ပညာတတ်ဖို့ လိုသည်။ ပညာတတ်တော့မှပင် သူ့လက်ရှိဘဝကနေ၍ ပိုမိုကောင်းမွန်သော ဘဝတစ်ခုဆီ ထွက်ပြေးနိုင်လိမ့်မည်။

Baekhyun ရေချိုးခန်းထဲ ကိုယ့်ကိုယ်ကို တရွတ်တိုက်ဆွဲခေါ်သွားလိုက်သည်။ ရေငွေ့ရိုက်နေသော မှန်ထဲမှမျက်နှာနွမ်းနွမ်းက သူ့ကို ညို့မှိုင်းစွာ ငေးကြည့်နေခဲ့၏။

"ဘာမှမဖြစ်ပါဘူး။ ဒီနေ့တစ်နေ့လုံး အဆင်ပြေချောမွေ့နေမှာပါ"

Baekhyun ကိုယ့်ပုံရိပ်ကိုယ်ကြည့်ကာ အားပေးစကားပြောရင်း ခွက်ထဲမှ သွားတိုက်တံကို လှမ်းယူလိုက်၏။ မှန်ထဲမှ မျက်နှာလွှဲကာ သွားကိုဖိတိုက်နေသော်လည်း ကိုယ့်ကိုယ်ကို လိမ်ညာထားသော ထိုစကားမှ ချန်ရစ်ခဲ့သော ခပ်ချဉ်ချဉ်အရသာက ပါးစပ်ထဲမှ တော်တော်နှင့် ထွက်မသွားခဲ့ပေ။

"အဆင်ပြေသွားမှာပါ..."

Baekhyun သည် ကိုယ့်ကိုယ်ကို မုသားဆိုခြင်းနှင့် အသားကျနေခဲ့တာ အတန်ကြာပြီဖြစ်၏။

~=•°•=°°°=•°•=~

Baekhyun မနက်လေးရီခွဲကတည်းက စာထိုင်ကြည့်နေလိုက်တာ ခြောက်နာရီခွဲမှပဲ ပြီးတော့သည်။အောက်ထပ်ကို ဆင်းလာလိုက်တော့ လူသုံးယောက်စာအတွက် မနက်စာပြင်ဆင်ထားပြီးသား ဖြစ်သော ထမင်းစားပွဲက သူ့ကိုစောင့်ကြိုနေသည်။ ဒါပေမဲ့ ပြင်ဆင်ထားသည့်အထဲမှာ Baekhyun အတွက် မပါ။

Parallels [Chan2Baek]Dove le storie prendono vita. Scoprilo ora