မြင်းခွာသံတစ်ချက်တိုင်းက နှလုံးသားဆီသို့ဆောင့်တက်ထိမှန်စေသည်။
" လူကုန်ထံသခင်လေးတစ်ယောက်ကိုလိုက်ပို့ပြီးပြန်လာတာ "
စောစောစီးစီးဘယ်ကိုသွားသလဲဆိုသော ဟိုဆော့ရဲ့အမေးကိုပြန်ဖြေလာတဲ့ လှေသူကြီးရဲ့စကားသံ။ ရေလယ်မှာရောက်နေသူရင်ထဲကို လှိုင်းထန်သွားစေသောစကားသံ။ ဒီရွာကိုလာမယ့် လူကုန်ထံသခင်လေးက သခင်လေးအပြင်ဘယ်သူများရှိနိုင်ဦးမှာလဲ။
ဒီနေ့ကျမှတိုက်တိုက်ဆိုင်ဆိုင် အိမ်မှာပြန်မအိပ်မိတဲ့ကိုယ့်ကိုယ်ကိုအပြစ်တင်မိသည်။ မနက်အစောကြီး ငါးဖမ်းလှေနဲ့လိုက်ခဲ့မိတာကိုနောင်တရမိသည်။
" ဟိုဆော့ ပြန်မယ် "
ပြန်မယ်မပြောခင်ကတည်းက လှေကိုလှည့်ထားပြီသည်အထိ ဟိုဆော့က ယွန်းဂီအပေါ်နားလည်မှုရှိသည်။ သတင်းကြားပြီးတာနဲ့ အကောင်းဆုံးမြင်းကိုခေါ်လာကာ ဆိပ်ကမ်းမှာလာစောင့်နေသည်အထိ ဂျောင်ကုကလည်း ယွန်းဂီအပေါ်သိတတ်သည်။
" ဦးလေးနမ် သခင်လေးလာတာမဟုတ်လား..ဘယ်မှာလဲ "
" မင့်အပြင်သွားတယ်ကြားလို့ အရှေ့ဘက်တောင်ကုန်းဆီထွက်သွားတယ် "
ပြေးရပြန်ပါသည်။ စောင့်ခဲ့ရတဲ့ငါးနှစ်ကျော်ကာလထက် ဆုံရတော့မယ့် အချိန်ပိုင်းလေးကပို၍ရှည်ကြာနေရသလိုပင်။
ငါးဖမ်းလိုက်သွားသည်ဆိုသော ကလေးငယ်ရဲ့လှေကိုမြင်ရလိုမြင်ရငှား တောင်ကုန်းပေါ်သို့ရောက်ခဲ့ရာမှ တောင်ပေါ်ကလတ်လတ်ဆတ်ဆတ်လေနုအေးလေးတွေကြောင့် ဝင်သက်ထွက်သက်တို့ပေါ့ပါးသွားရသည်။
ယုံကြည်မှုအပြည့်နဲ့ အပြီးအပိုင်ပြန်ခေါ်ဖို့ရောက်လာခဲ့သော်လည်း အသက်ရှူကြပ်စေသော မြို့တော်ကြီးဆီကို ကလေးငယ်ပြန်လိုက်ချင်ပါ့မလားဆိုသောအတွေးလည်း မရှိနေခဲ့တာတော့မဟုတ်ချေ။
" သခင်လေး "
လှည့်မကြည့်ခင်ကပင် အသေအချာသိနေသောအသံလေးက စိတ်၏အေးချမ်းရာကိုဖြစ်စေသည်။
အပြေးရောက်လာပုံရသောကလေးငယ်ရဲ့ အသက်ရှူသံတို့က မြန်ဆန်နေသည်။ ပါးမို့မို့တို့ကရဲတက်နေသည်။ နေ့ရက်ပေါင်းထောင်ချီစောင့်ခိုင်းထားသောသခင်လေးကို ကလေးငယ်ကတော့ တစ်နာရီပြည့်အောင်ပင် မစောင့်စေဘဲ အရောက်လာပေးသည်။
YOU ARE READING
All of my sins
Short StoryShort story of Yoonjin(sin). * Unicode + Zawgyi * From 20th Sep, 2021 to 29th Oct, 2021 ~