အဲလိယက်စ်သည် အသိစိတ်လွတ်၍ ထုံကျင်ကာနေသော စိတ်ဝိညာဉ်တို့ဖြင့် နေရာမှာတင် ဆက်လက်၍ တည်ရှိနေဆဲမှာပင်..။သူ၏ ဘေးပတ်ဝန်းကျင်နှင့် ပတ်ပတ်လည်တွင်တော့ မူးဝေကာ မြေပေါ် လဲကျနေသူများနှင့် ပြည့်နှက်နေခဲ့လေသည်..။
"အဆင်ပြေရဲ့လား..။ ခင်ဗျား မျက်နှာက ဖြူဖတ်ဖြူလျော်ဖြစ်နေတယ်..။ နီတဲ့နေရာတွေလည်း နီနေသေးတယ်..။ အဲ့ဒါက ရောမွှေထားတဲ့ စတော်ဘယ်ရီဒိန်ချဉ်တွေလိုပဲ.."
ဂျူလီယန်သည် သူ၏ ပခုံးအား လက်ဖဝါးတစ်ဖက်ဖြင့် ခပ်ဖွဖွထိတော့မည့်ဟန်နှင့် မေးလာသည်..။
"အင်း.. ကိုယ် အဆင်ပြေပါတယ်.."
အဲလိယက်စ်သည် ထိုအပြုအမူကြောင့်ပဲ နေရာမှ နောက်သို့ နှစ်လှမ်းမျှရွေ့လိုက်ခြင်းဖြင့်..၊ မြေပြင်ပေါ်တွင် ထိုင်လျက်သား လဲကျနေသော သူငယ်ချင်းများထဲမှ နီးစပ်ရာတစ်ယောက်ကို လက်မောင်းမှဆွဲယူကာ ထူလိုက်ရင်း သာမန်ကာလျှံကာပင် ပြန်ဖြေဖြစ်လိုက်၏..။
မည်းမှောင်ကာ တောက်ပလှသည့် ထိုအနက်ရောင်တောင်ပံများပေါ်က ရွှေရောင်အကွေးအခွေလိုင်းကလေးများနှင့် ခပ်နွေးနွေး နေရောင်ခြည်အလင်းတန်းအောက်မှာ တည်ငြိမ် ငြိမ်းအေးစွာတည်ရှိနေခဲ့သည့် အနက်ရောင်မြင်းတစ်ကောင်လို ဖြစ်တည်မှုသည် သူ၏ စိတ်သန္တာန်အား ဓားရှည်တစ်ချောင်းနှင့် အပိုင်းပိုင်းခုတ်ဖြတ်လိုက်သလိုပင်..။
ဒီပုံရိပ်တွေအားလုံးဟာ စိတ်အတွင်းထဲက စကားသံတွေပဲလား..။ Maladaptive daydreaming တွေပဲ ဖြစ်နေခဲ့တာလား...။ အဲလိယက်စ်သည် ဘာမှမရေရာလေသော အတွေးများဖြင့် မူးရီလာလေသည်..။
"ဒီလောက် ပြင်းတဲ့ ငလျင်က တစ်ခုခုဖြစ်တော့မှာ မဟုတ်ဘူးလား..."
မူးဝေကာနေသည့်ခေါင်းကို ကိုင်ကာ အနက်ရောင်တလက်လက်တောက်နေသော မြေကြီးပေါ်မှ ကုန်းထလာရသော သူငယ်ချင်းတစ်ယောက်သည် စိုးရိမ်တကြီးဖြင့် ဂျူလီယန်အားကြည့်ကာ အတည်ပြုချင်ဟန်ဖြင့် မေးလာခဲ့သည်..။
