"ဂျစ် ဂျစ်.. ဂျစ် ဂျစ်.."အိပ်ရာပေါ်မှာ ခွေခွေလေးလှဲနေတဲ့ ခန္ဓာကိုယ်က နောက်ထပ် ခေါင်းအုံးတစ်လုံးကို ဆွဲယူပြီးတော့ နားနှစ်ဖက်ကို တင်းတင်းဖိပိတ်ထားလိုက်သည်..။
သူ့နားထဲတွင်တော့ လိုင်းမမိသော ရေဒီယိုအစုတ်အပျက်တစ်လုံးက အဆက်မပြတ်မြည်ဟီးနေသလို ဆက်တိုက် ဆူညံနေလေသည်..။
"ဂျစ် ဂျစ်.. ဂျစ် ဂျစ်.."
"အဲလိယက်စ်.."
မျက်လုံးများပြူးကျယ်လာသော ခန္ဓာကိုယ်က မွေ့ယာပေါ်မှ ဝုန်းခနဲ ခုန်ထလာသည်..။ သူ့နားထဲမှာ အသံတွေကြားနေရတာ နှစ်ပတ်ခန့်ဆက်တိုက်ရှိနေပြီ ဖြစ်သည်..။
သို့သော် ခါတိုင်း အချိန်များတွင် သူကြားခဲ့ရသမျှက လိုင်းမမိသော ရေဒီယိုမှ ထွက်သကဲ့သို့သော အသံ အစက်အပြောက်များပင်..။ ယခုကဲ့သို့ တစ်ယောက်ယောက်က သူ့နာမည်ကို တမ်းတခေါ်ဝေါ်သည့် တိကျသော အသံမျိုး မဟုတ်..။
"ဘာလဲဟ.."
စားပွဲတင်နာရီလက်တံများသည် မနက်ခင်း သုံးနာရီတိတိကို ညွှန်ပြနေကြသည်..။ လွန်ခဲ့သောနှစ်ပတ်ခန့်မှစလို့ အဲလိယက်စ်သည် ထင်ယောင်ထင်မှားကြားယောင်ခြင်း ဝေဒနာကို ခံစားခဲ့ရသည်...။
ယခုညတွင်မှ ဆရာဝန်က ညွှန်ပြသော ဆေးဝါးများအကူအညီဖြင့် ကောင်းမွန်စွာ အိပ်စက်ခဲ့ရခြင်းဖြစ်သည်...။ သို့သော် မနက်မလင်းခင်အချိန်မှာပင် ထိုဝေဒနာကြောင့် နိုးထလာရပြန်၏..။
ထို့အပြင် အရင်က မဖြစ်ခဲ့ဖူးသော ထင်မှားကြားယောင်ခြင်းရောဂါလက္ခဏာများပါ ပို၍ဖြစ်ပေါ်လာပေပြီ..။
ငွေကြေးကိန်းဂဏန်း ပမာဏ တော်တော်များများ ပေးဝယ်ထားရတဲ့ တိုက်ခန်းက အနည်းဆုံးဝါဒ (Minimalism) ကို အခြေခံထားတဲ့ အထက်တန်းကျကျ အပြင်အဆင်တွေနဲ့လင်းလင်းထိန်ထိန်ရှိနေဆဲ ဆိုပေမဲ့လည်း တစ်ကိုယ်ထီးတည်းရှိနေမှုကြောင့် အကြောက်တရားများသည် နှလုံးသားအောက်ခြေတွင် စုပြုံပြည့်နှက်လာလေသည်..။
ထိုတဒင်္ဂတွင် နားထဲတင် တဂျစ်ဂျစ် တစီစီမြည်နေသော အသံများသည် ရုတ်ချည်းပျောက်ရှသွားပြန်သည်..။
