ငယ်ချစ်ဦးရဲ့ရေခဲမုန့်လေး (Oneshot)
"အေးသာယာ...စက်မှုဇုန်!"
"လာလာ..ညီလေးလာတက်တက်...အကိုတို့ကျောင်းထဲထိလိုက်ပို့မှာ!"
လိုင်းကားစပယ်ယာရဲ့အဆွယ်ကောင်းမှုကြောင့်ကျွန်တော်ကားပေါ်တက်လိုက်တယ်။
ဒီနေ့ ကျွန်တော် တက္ကသိုလ်စတက်ရမဲ့နေ့။ဆင်းရဲတဲ့ထဲမပါပေမဲ့ ချမ်းသာနေတာလည်းမဟုတ်တော့ ရှိတဲ့ဆိုင်ကယ်တစ်စီးကို အိမ်မှာပဲထားခဲ့ရတယ်။ အဖေအလုပ်သွားရင်လိုတာကို။
လိုင်းကားပထမဆုံးစီးဖူးခြင်းမို့ ကသိကအောက်ဖြစ်ပေမဲ့ အများကြီးတွေးမနေတော့ပဲ ဖုန်းထုတ်ပြီးနားကြပ်တပ်္၊ သီချင်းနားထောင်လိုက်တယ်။နောက်ဆုံးထောင့်နားမှာထိုင်တာမို့ မှီစရာရှိတယ်။ကျွန်တော် မျက်လုံးကိုမှေးလိုက်ပြီး ဘေးကိုမှီလိုက်တယ်။ ခဏကြာတော့ကားစထွက်တယ်။တစ်နေရာရပ်လိုက် လူတွေကတိုးတက်လာလိုက်နဲ့ ဆူညံနေတော့တာပဲ။
နားကြပ်တပ်ပြီး နားထောင်နေတဲ့ငယ်ချစ်ပုံပြင်သီချင်းလေးတောင် လူသံကားသံတွေကြားပျောက်သွားသလိုပဲ။ရုတ်တရက်ကျွန်တော့်ဘေးနေရာလွတ်လေးမှာ လူတစ်ယောက်လာထိုင်တာကို ခံစားမိလိုက်တယ်။ ကျွန်တော် ထောင့်နားကိုပိုကပ်ပေးလိုက်ပေမဲ့ ဘယ်သူဆိုတာကိုတော့ မျက်လုံးဖွင့်မကြည့်မိပါဘူး။ အန်တီကြီးတစ်ယောက် ၊ ဒါမှမဟုတ်ရင် ဦးလေးကြီးတစ်ယောက်ဖြစ်မှာပေါ့။
"ကားခတွေလက်ဆင့်ကမ်းမယ်"
စပယ်ယာရဲ့အသံကြောင့် ကျွန်တော် မျက်လုံးဖွင့်ပြီး လွယ်အိတ်ထဲ ပိုက်ဆံနှိုက်ရှာလိုက်တယ်။
ငါးရာတန်ကို စပယ်ယာလက်ထဲရောက်ဖို့ လက်ဆင့်ကမ်းရန် ဘေးလူကို အကြည့်ပို့ မိလိုက်ချိန်မှာ ကျွန်တော့်ကမ္ဘာကြီးက ရပ်တန့်သွားတယ်။လှိုင်းပါတဲ့ဆံပင်တွေက နဖူးပေါ်ကိုအနည်းငယ်ဖရိုဖရဲကျနေတဲ့ထိုလူ။အတွန့်ကြီးတဲ့နှုတ်ခမ်းကထင်ထင်ရှားရှား။ အထူးသဖြင့် မျက်လုံးထဲက မျက်သားအဖြူပေါ်မှာ မှဲ့နက်ကလေး။ အဲ့သည့်မှဲ့ကလေးတစ်လုံးနဲ့တင် ကျွန်တော့်ရဲ့ ငယ်ဘဝရင်ခုန်သံတွေကို ပြန်စတင်ဖို့လုံလောက်ခဲ့တယ်...
ကျွန်တော့်ရဲ့အချစ်ဦး။တိတိကျကျပြောရရင်တော့ ကျွန်တော့်ရဲ့ငယ်ချစ်ဦး။