အဓိပတိလမ်းမထက်က (oneshot)
၈ နှစ်အကြာ...
၈နှစ် ဆိုတဲ့ နှစ်အပိုင်းအခြားတစ်ခုမှာ ဘာတွေပြောင်းလဲ သွားနိုင်လဲ?
လျှောက်နေကြ အဓိပတိလမ်းမကြီးကတော့ မပြောင်းလဲသလိုပါပဲ။
မောင်ကော...
ခပ်လှမ်းလှမ်းကနေ တွေ့နေရတဲ့ မောင်ကတော့
လွန်ခဲ့တဲ့ ၈နှစ်ကလို မြတ်နိုးချင်စရာကောင်းနေတုန်းပဲ။ဖြူဥဥခြေဖမိုးလေးတွေကအစ တည်ကြည်တဲ့ မျက်နှာလေးအဆုံး...မောင်ဆိုတာက...
•••••••
" ဟဲ့ဟိုမှာ နွေဦးမောင်တို့အဖွဲ့"
ကျွန်တော်ခုံဘေးက အတန်းဖော်မိန်းကလေးများရဲ့အသံထဲက မောင့်နာမည်...
အတန်းပြင်ဘက်ကိုဖြတ်ခနဲ လှမ်းကြည့်မိတော့ မောင်တို့အုပ်စုကိုတွေ့ရတယ်။လူခြောက်ယောက်ရှိတဲ့မောင်တို့အုပ်စုမှာ မောင့်နာမည်က
ဦးဆုံးခေါ်ရလောက်တဲ့အထိကို မောင်ကအာဏာသက်ရောက်ပါတယ်။ ဒါက မောင့်ရဲ့မိသားစုနောက်ခံကြောင့်လည်းပါသလို မောင့်ရဲ့ရုပ်ရည်၊အကျင့်စာရိတ္တ၊ ပညာအရည်အချင်းကြောင့်လည်းပါလိမ့်မယ်။မြန်မာစာဂုဏ်ထူးတန်း တက်နေတဲ့မောင်က ဒီနှစ်ရဲ့နောက်ဆုံးနှစ်ကျောင်းသားဆိုလည်းမမှားပါဘူး။ကျွန်တော်ကိုယ်တိုင်ကလည်းနောက်ဆုံးနှစ်ပါပဲ။ဒါပေမဲ့ မောင့်လို ဂုဏ်ထူးတန်းတော့မဟုတ်ဘူး။
မောင်က ရုတ်တရက် ကျွန်တော်တို့ဘက်ကို ဖြတ်ခနဲကြည့်လာတဲ့အချိန် ကျွန်တော် မျက်နှာလွှဲလိုက်မိတယ်။မောင့်ကို ခိုးချစ်ခဲ့ရတာ ဒီနှစ်နဲ့ဆို လေးနှစ်မြှောက်။သုံးနှစ်ကျော်သည်းခံလာခဲ့ပြီးပြီပဲ...ကျောင်းပြီးတဲ့အထိ ကျွန်တော်တောင့်ခံနိုင်ရမယ်လေ။မောင့်အပေါ် ကျွန်တော်မေတ္တာသက်ဝင်နေတာကို မောင်မသိစေရပါဘူး။
••••
မောင့်ကိုစတွေ့ခဲ့တာက ကျွန်တော်ပထမဆုံး ကျောင်းတက်တဲ့ရက်ကပေါ့။
လှိုင်းဘွဲ့မြို့ကနေ ရန်ကုန်ကိုတက်လာတဲ့ ကျွန်တော့်ပုံစံက အူလည်လည်ပါပဲ။
အမိုး(အမေ)ကတော့ ကျွန်တော်သုံးဖို့ပိုက်ဆံအလုံအလောက်ထည့်ပေးလိုက်ပေမဲ့ ဘယ်လိုခက်ခက်ခဲခဲရှာထားရမှန်းသိတာမို့ ကျွန်တော် အသုံးချွေတာတယ်။
မျက်စိရှေ့အုပ်နေတဲ့ဆံပင်တွေကို ဆံပင်ဖြတ်ခ နှမျော၍ မှန်ထောင်ပြီး ကတ်ကြေးနဲ့ကိုက်လိုက်တော့ ကြွက်ကိုက်ကေဖြစ်သွားတယ်။
ကိစ္စမရှိပါဘူး။ကျွန်တော်က ရှိုးထုတ်တတ်တဲ့ထဲမပါဘူးလေ။